သြစတြေးလျမှာ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လူခြောက်ဦး ‌ေ-သဆုံးပြီး သုံးဦး ပျောက်ဆုံးနေ

0
132

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းပြည်နယ်တွေမှာ ခရစ်စမတ်နေ့က ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူ ခြောက်ဦးထက်မနည်း ‌ေ-သဆုံးကာ သုံးဦး ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ကွင်းစလန်ပြည်နယ်မှာတော့ အိမ်ထောင်စု ထောင်ပေါင်းများစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေခဲ့တယ်လို့ သိရပါတယ်။

လူ ခြောက်ဦး ‌ေ-သဆုံးခဲ့တယ်လို့ ဗစ်တိုးရီးယားနဲ့ ကွင်းစလန်ရဲတပ်ဖွဲ့တွေက အတည်ပြုခဲ့ပြီး ‌ေ-သဆုံးခဲ့သူတွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ ၉ နှစ်အရွယ် မိန်းကလေးဟာ မုန်တိုင်းမိုးရေစီးကြောင်းအတွင်း မျောပါသွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာက ပြောဆိုပါတယ်။

ဘရစ္စဘိန်းမြို့အနီး ဂရင်းကျွန်းတောင်ဘက်နားမှာ လှေတိမ်းမှောက်ခဲ့မှုအတွင်း ပျောက်ဆုံးနေသူ နှစ်ဦးကို ရဲက ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘရစ္စဘိန်းမြောက်ဘက် Gympie မြို့ ရေလွှမ်းမိုးမှုအတွင်း ပျောက်ဆုံးနေခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ရှာဖွေနေကြတယ်လို့ သိရပါတယ်။

“ခရစ်စမတ် အချိန်အခါသမယမှာ ဒီဒေသတွင်းက မိသားစုတွေအဖို့ရာ တကယ့်ကို ကြေကွဲဖွယ်ရာ သတင်းပါပဲ” လို့ Gympie မြို့တော်ဝန် ဂလင်းဟတ်ဝစ်က ABC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းပြည်နယ်တွေမှာ ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်က ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ အချို့ဧရိယာတွေမှာ မြစ်ချောင်းတွေ ရေလျှံခဲ့ခြင်း၊ လေပြင်းတွေကြောင့် အိမ်အမိုးတွေ လန်ထွက်ခြင်းနဲ့ သစ်ပင်တွေ ပြိုလဲကျခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

မိုးလေဝသဗျူရိုက အရှေ့ပိုင်းပြည်နယ်တွေမှာ အသေးစားရေလွှမ်းမိုးမှုဆိုင်ရာ သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားပြီး မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here