တရုတ်အနောက်မြောက်ပိုင်းမြို့ကြီးများ၌ လေထုညစ်ညမ်းမှုကိုတားဆီးရန် အကြီးစားစက်မှုလုပ်ငန်းများကို ရပ်နားခိုင်းထား

0
285
This photo taken on December 25, 2023 shows buildings amid high levels of air pollution in Yinchuan, in China’s northern Ningxia region. (Photo by AFP)

ပေကျင်း၊ဒီဇင်ဘာ ၂၇

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ မြို့နှစ်မြို့ဖြစ်သည့် Xian နှင့် Yinchuan တို့၌ လာမည့်ရက်များတွင် မြူများထူထပ်ကာ လေထုညစ်ညမ်းမှုအန္တရာယ်ရှိသဖြင့် ဒေသခံများအား အိမ်တွင်း၌သာနေရန်အကြံပြုထားပြီး အကြီးစားစက်မှုလုပ်ငန်းများကိုလည်းကန့်သတ်ထားကာ ကျောက်မီးသွေးလုပ်ငန်းကိုရပ်ဆိုင်းထားရန်သတိပေးထားကြောင်းသိရသည်။

Shaanxi ပြည်နယ်၏မြို့တော် Xian ၌မူ အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်ဗုဒ္ဓဟူးနေ့တွင် လေထုညစ်ညမ်းမှုသတိပေးချက်အနီရောင်အဆင့်အထိထုတ်ပြန်ခဲ့ပြီး ယင်းအခြေအနေသည် သောကြာနေ့အထိဖြစ်သွားနိုင်သည်ဟုလည်းဆိုသည်။

ထို့ကြောင့် အာဏာပိုင်များသည် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် ကိုယ်ပိုင်ကားများအစား အများပြည် သုံး ယာဥ်, ရထား များကို စီးနင်းကျရန်နှင့် ကုမ္ပဏီများကိုလည်း ရုံးတက် ရုံးဆင်း အလုပ်ချိန်ကို ညှိနှိုင်းကာ ပြင်ဆင် သတ်မှတ်ကြရန် တောင်းဆိုခြင်းအပါအဝင် မဖြစ်မနေလိုအပ်သောအရေးပေါ်အစီအမံများကိုလည်းချမှတ်ခဲ့သည်။

အစိုးရအနေဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရန် လေထုညစ်ညမ်းမှုဖြစ်‌စေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့်ကုမ္ပဏီများအား လုပ်ငန်းလည်ပတ်မှုအချိန်ဇယားကိုချိန်ညှိကာလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV ၌ဖော်ပြခဲ့သည်။

မြို့နှစ်မြို့လုံးရှိအာဏာပိုင်များသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ မြေသားပြုပြင်ခြင်းနှင့်ဖြိုဖျက်ခြင်းလုပ်ငန်းအများစုကိုရပ်တန့်စေခြင်း၊မှုတ်ဆေးနှင့် ဆေးသုတ်ခြင်းလုပ်ငန်းအပြင် ကွန်ကရစ်စက်ရုံများတွင် အကြီးစားထရပ်ကားများအသုံးပြု၍ ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းသာမကကျောက်မီးသွေးလုပ်ငန်း၊ကျောက်ဖြတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများကိုပါရပ်နားထားစေသည်ဟုဆိုသည်။

လေထုညစ်ညမ်းမှုကြောင့် လေထုထဲတွင် PM 2.5 အမှုန်လေးများပါဝင်မှုပိုများလာကာ ၎င်းအမှုန်လေးများသည် လူ့အဆုတ်နှင့်သွေးလမ်းကြောင်းထဲအထိရောက်ရှိနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများကိုဖြစ်စေနိုင်သည်။

Source : ရိုက်တာ/ဒဗလျူကေ


LEAVE A REPLY

Please enter your comment!
Please enter your name here