ဗိဿနိုးမြို့ဟောင်း တူးဖော်သုတေသနပြုဆောင်ရွက်ရာမှ ရွှေသတ္တု၊ ငွေသတ္တုတို့ဖြင့် ပြုလုပ်ထားသည်ဟု ယူရဆရသော ဒင်္ဂါးပြား (၃) ပြား တူးဖော်တွေ့ရှိ

0
287

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းကို တူးဖော်သုတေသနပြုဆောင်ရွက်ရာမှ ရွှေသတ္တု၊ ငွေသတ္တုတို့ဖြင့် ပြုလုပ်ထားသည်ဟု ယူရဆရသော ဒင်္ဂါးပြား (၃) ပြား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် သုတေသနပြု လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ မြန်မာနိုင်ငံသမိုင်းစဉ်များ ပိုမိုခိုင်မာစေရန်အတွက် ရှေးဟောင်း နေရာများနှင့် ရှေးမြို့ဟောင်းများတွင် တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းရှိ နန်းတော်ရာ ဝင်ပေါက် KKG-8 အရှေ့မြောက်ဘက် (၂၉၂) မီတာခန့် အကွာ ကုန်းအမှတ် KKG-3 ၏ တောင်ဘက် (၃၂၅) မီတာခန့်အကွာ မြေပုံညွှန်းအမှတ် (95  22’ 42.7’’ E ၊ 20  0’ 33.828’’ N ) ရှိ Unexcavated Mound 002 နေရာအား တူးဖော်လေ့လာမှုပြုခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်က နေ့လယ် ၂ နာရီခန့်က တူးဖော်မှု ကျင်းကွက်အမှတ် (C-1) မြေပြင်မှအနက် (၂၅) စင်တီမီတာမှ ရွှေသတ္တုဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော ဒင်္ဂါးပြား (၂) ပြားနှင့် ငွေသတ္တုဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော ဒင်္ဂါးပြား (၁) ပြား ကိုတူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

တူးဖော်တွေ့ရှိရသော ဒင်္ဂါးပြား စနစ်တကျမှတ်တမ်းတင်မှုများ ဆောင်ရွက်ပြီး စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ဒင်္ဂါးပြားများမှာ အချင်း (၂.၂) စင်တီမီတာ၊ (၁၄) ပဲရည်၊ အလေးချိန် (၂) ပဲ (ဝ.၅) ရွေးရှိ ရွှေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြား၊ အချင်း (၁.၈) စင်တီမီတာ၊ အလေးချိန် (၇.၆) ရွေးရှိ ရွှေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြား၊ အချင်း (၃.၂) စင်တီမီတာ၊ အလေးချိန် (၂) ပဲ (၇.၇) ရွေးရှိ ငွေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြားတို့ဖြစ်ကြောင်း သိရသည်။

ဗိဿနိုးမြို့ဟောင်းတွင် ယခင်တူးဖော် သုတေသနပြုမှုများမှ ကုန်းအမှတ် KKG-3 တွင် ပျူဒင်္ဂါး (၃) ပြား၊ BTO-7 တွင် ပျုဒင်္ဂါး (၁) ပြား၊ BTO-11 တွင် ပျုဒင်္ဂါး (၂၇) ပြား၊ BTO-35 တွင် ပျုဒင်္ဂါး (၁၇) ပြားနှင့် BTO-41 တွင် ပျုဒင်္ဂါး (၁) ပြားတွေ့ရှိခဲ့ရပြီး ယခုတူးဖော်တွေ့ရှိမှုသည် ဗိဿနိုးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ တူးဖော်မှုသမိုင်းအတွက် အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်လာမည်ဖြစ်ကာ တွေ့ရှိ ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးအတည်ပြုချက်များကိုလည်း ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here