၂၀၃၀ တွင် မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် တသောင်းခွဲ လိုအပ်မည်ဖြစ်သဖြင့် နိုင်ငံတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများကိုလည်း ဦးစားပေးလုပ်မည်

0
294

မြန်မာ – လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၂)နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်ရှိ မဲခေါင် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း သွားရောက်လေ့လာခဲ့ ကြောင်းသိရသည်။

မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာ (၂၅) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီတွင် ဗီယင်ကျင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။     

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ် ဓာတ်အား ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်သဖြင့် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများကိုလည်း ဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ယခင်လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတလျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်း (၃) ခုမှ (၄) ခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိ ကြောင်းနှင့် စီမံကိန်းတစ်ခုလျှင် ၅၀၀ မဂ္ဂါဝပ်နှင့်အထက် တည်ဆောက်အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် လေ့လာမှုကို မြန်ဆန်စွာဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုပြောကြားခဲ့သည်။

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပြီး နှစ်နိုင်ငံအစိုးရများထံ တင်ပြလမ်းညွှန်မှုခံယူနိုင်ရန်သက်ဆိုင်ရာ ကုမ္ပဏီများက FSR မြန်ဆန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက  တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ – လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC)နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) များ ဖွဲ့စည်း ၍ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် (၅)နှစ်ကျော် သက်တမ်း ကာလအတွင်း သိသာထင်ရှားသော လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်းဆိုသည်။

ထို့နောက် လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက ဆွေးနွေးပြောကြားရာတွင် မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီကိန်းများ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုတို့ကို တွန်းအားပေးဆောင်ရွက်လိုပြီး ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပူးတွဲလုပ်ငန်းကော်မတီများ၏ အစည်းအဝေးများတွင် ဆွေးနွေးမှု ရလာဒ်များအရ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၃) ရပ် ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များဖြစ်သည့် နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာ-လာအို နှစ်နိုင်ငံ ဓာတ်အားစနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာလို အပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမာဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့နှင့် ဆောင်ရွက်ရန်၊မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို လာအိုကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည်တို့အပေါ် နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here