OpenAI နှင့် Microsoft တို့ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် New York Times သတင်းစာကြီးက တရားစွဲ

0
282

OpenAI နှင့် Microsoft တို့ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် New York Times သတင်းစာကြီးက ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခဲ့သည်။ ဉာဏ်ရည်တုနည်းပညာများကို လေ့ကျင့်သင်ကြားရန် ထုတ်ဝေသည့်အလုပ်အား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းနှင့်ပတ်သက်၍ ပြင်းထန်သောတရားဝင်တိုက်ပွဲတွင် မျက်နှာစာအသစ်ဖွင့်လှစ်ခဲ့သည်။

New York Times သတင်းစာကြီးသည် ChatGPT ဖန်တီးသူများနှင့် အခြားနာမည်ကြီး A.I တို့ကို တရားစွဲသည့် ပထမဆုံးသော အမေရိကန်မီဒီယာအဖွဲ့အစည်းဖြစ်လာသည်။

မန်ဟက်တန်ရှိ Federal District Court တွင် တင်သွင်းသည့် အဆိုပါတရားစွဲဆိုမှုတွင် OpenAI နှင့် Microsoft တို့သည် New York Times သတင်းစာကြီးမှထုတ်ဝေဖြန့်ချိထားသော သန်းနှင့်ချီသည့် သတင်းများနှင့် ဆောင်းပါးများကို AI များအား လေ့ကျင့်သင်ကြားပေးရာတွင် တရားမဝင် ကူးယူအသုံးပြုခဲ့ကြောင်းနှင့် ChatGPT မှ ပြန်လည်ဖြေကြားသော အဖြေများတွင်လည်း မိမိတို့သတင်းစာမှ သတင်းများ ဆောင်းပါးများနှင့် ထပ်တူညီနေသည်ကို တွေ့ရကြောင်း အစရှိသည့် စွဲချက်များဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် New York Times သတင်းစာကြီးမှ မူပိုင်ခွင့်ရထားသော အချက်အလက်များကို အသုံးပြုသည့် မည်သည့် chatbot မော်ဒယ်များနှင့် လေ့ကျင့်ရေးဒေတာများကိုမဆို ဖျက်ဆီးပစ်ရန်လည်း ကုမ္ပဏီများကို တောင်းဆိုထားသည်။

တရားစွဲဆိုမှုတွင် လျော်ကြေးငွေဆိုင်ရာ ကိစ္စရပ် အတိအကျ မပါဝင်သော်လည်း New York Times သတင်းစာကြီး၏ ထူးခြားသောတန်ဖိုးရှိသောလက်ရာများကိုတရားမ၀င်ကူးယူခြင်းနှင့်အသုံးပြုခြင်းနှင့်ပတ်သက်သော “တရားဥပဒေနှင့်အမှန်တကယ်ပျက်စီးဆုံးရှုံးမှုများအတွက်ဒေါ်လာဘီလီယံပေါင်းများစွာ” အတွက် ယူငင်သုံးစွဲသူတို့က တာဝန်ယူသင့်သည်ဟုလည်း ဆိုထားသည်။

OpenAI မှပြောရေးဆိုခွင့်ရှိသူ Lindsey Held ကမူ မိမိတို့၏ “အပြုသဘောဆောင်သော ရှေ့သို့တက်လှမ်းခြင်း” ဆိုင်ရာကိစ္စရပ်များအပေါ် New York Times သတင်းစာဖက်မှ ယခုကဲ့သို့ တရားစွဲခြင်းကြောင့် သူ့အနေနှင့်”အံ့အားသင့်ပြီး စိတ်ပျက်မိသည်” ဟု ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

Microsoft ကုမ္ပဏီကမူ အဆိုပါ တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here