မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းသွားမည်ဟု မိုင်းလားအဖွဲ့ အသိပေး

0
192

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသတစ်ခုဖြစ်သည့် မိုင်းလားအထူးဒေသ(၄)အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းသွားမည်ဟု မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က အသိပေး ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၇)ရက်က မိုင်းလားအထူးဒေသ (၄)၏ ၂၀၂၃ ခုနှစ် လုပ်ငန်းနှစ်ချုပ် အစည်းအဝေးကိုကျင်းပပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ငြိမ်း/စည်းကော်မတီ’၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလမ်းစဥ်ကို ဆက်လက်လျှောက်လှမ်းကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင် (၃)ခုအား တစ်စုတစည်းတည်းထားရှိပြီး ဒေသ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိအောင် မလျော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

အလားတူ အစည်းအဝေးတွင် ကော်မတီ ဒုတိယဥက္ကဌ ဦးစန်ပေ့ က ၂၀၂၃ ခုနှစ်အတွင်း ဌာနအသီးသီး၏ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ရေး၊ ဒေသစီးပွားရေးပြန်လည် ဦးမော့လာစေရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးကို ပြုပြင်ပြောင်းလဲပေးရေး ဆောင်ရွက်ချက်များသည် အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်းဆိုသည်။

၎င်းကပင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် လုပ်ငန်းတာဝန်များ၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် တွန်းအားပေးဖော်ဆောင်ခြင်း၊ ဒေသ၏ လုံခြုံရေးဆိုင်ရာ ခံစစ်တံတိုင်းကြီး ခိုင်မာအောင် တည်ဆောက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးအား ဒီဇင်ဘာလ(၂၉) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး၊ တပ်ဘက်နှင့် ဒေသန္တရဘက် ဌာနဆိုင်ရာများနှင့် အဖွဲ့လိုက်ခွဲ၍ အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစန်ပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်း၊ အမြဲတမ်းကော်မတီဝင် ဦးလော်ချန်ပေါင်၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲတမ်းကော်မတီဝင် ဦးလီကျင့်လုံ၊ ဦးခမ်းမောင်၊ ဦးစိုင်းတစ်၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ တပ်ဘက်နှင့် ဒေသန္တရဘက်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here