သမ္မတ ပူတင်၊ လက်ဗရော့ဗ်တို့နဲ့ မော်စကိုမှာ သွားရောက်တွေ့ဆုံခဲ့တဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုမြင့်တက်လာခြင်းအား ချီးကျူးပြောဆို

0
275

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာရေးရာ ပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာဟာ သူ့ရဲ့ ငါးရက်ကြာ ရုရှားနိုင်ငံခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲအစမှာပဲ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ကြားနေအဖြစ်ရပ်တည်ခဲ့တဲ့ ယူကရိန်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အိန္ဒိယသံတမန်ကို အသိပေးလိုကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။

“ဒီပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေအရ ဖြေရှင်းလိုတဲ့ သူ့ ဆန္ဒအားလုံးကို ကျွန်ုပ်သိရှိပါတယ်” လို့ ပူတင်က ပြောဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံစီးပွားရေးရဲ့ ကျောရိုးဖြစ်တဲ့ ရေနံတင်ပို့မှု ကန့်သတ်ခံထားရစဉ် အိန္ဒိယဟာ ရုရှားရေနံတင်ပို့မှု ဈေးကွက်တစ်ခုအဖြစ် အရေးပါမှု တိုးမြင့်လာခဲ့ပါတယ်။

မိမိတို့ရဲ့ အပြန်အလှန်ကုန်သွယ်မှု ဆက်ဆံရေး ရေရှည်တည်တံ့အောင်လုပ်ဆောင်ဖို့ရာ အလွန်အရေးကြီးပါကြောင်းနဲ့ ဒါကို အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို စဉ်းစားဖို့လိုပါကြောင်း အစည်းအဝေးအဖွင့်မှာ ဂျေးရှန်ကာက ပြောဆိုခဲ့ပါတယ်။

ဂျေးရှန်ကာဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ခေတ်မီလက်နက်အမျိုးအစားသစ်တွေ ပူးတွဲထုတ်လုပ်ရန်အပါအဝင် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ စံချိန်တင် မြင့်မားလာမှုအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၀ ဘီလီယံ ကျော်လွန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here