ဖခင်ဖြစ်သူ ဆေးကုသစရိတ် လိုသည့်အတွက် ရွှေဆိုင်တွင် ဆွဲကြိုးလုယူမိသူ မြန်မာတစ်ဦး ထိုင်းတွင်အဖမ်းခံရ

0
277

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်၊ထန်ဘူရီမြို့နယ်၊ပချာထိပတ်ကျေးရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်သူ ဟန်ဆောင်ကာ ရွှေ (၃) ကျပ်သား ဆွဲကြိုးတစ်ကုံး လုယူထွက်ပြေးသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာ (၂၄) ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်မှ နယ်မြေခံ ရဲစခန်းသို့ တိုင်ကြားခဲ့သည့်အတွက် အဆိုပါ ရွှေဆွဲကြိုး လုယူထွက်ပြေးသူ မြန်မာနိုင်ငံသားကို CCTV ကင်မရာဖြင့် ခြေရာခံလိုက်လံစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ရွှေဆိုင်ပိုင်ရှင်၏ တိုင်ကြားချက်အရ နယ်မြေခံ ရဲစခန်းမှ CCTV ကင်မရာမှတ်တမ်းဖြင့် ခြေရာခံလိုက်လံစစ်ဆေးရာ မြန်မာလုပ်သားမှာ ထနွန်ရန်စစ်နှင့် နခေါင်နယုတ် လမ်းအတိုင်း ထွက်ပြေးသွားပြီးနောက် ဆေးရုံရှေ့အရောက်တွင် အငှားယာဉ် စီးနင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လမ်းပေါ်ရှိ CCTV ကင်မရာမှတဆင့် ဆက်လက်ခြေရာခံ စစ်ဆေးခဲ့ရာမှ ၎င်းနေထိုင်သည့် တန်းလျားကို သိရှိပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားမှာ အသက် (၃၂) နှစ်အရွယ် ကိုဇော်ဝင်းဌေးဆိုသူဖြစ်ပြီး မြန်မာနိုင်ငံမှ ကျန်းမာရေး မကောင်းသည့် ၎င်းဖခင်ဖြစ်သူ ခွဲစိတ်ကုသရန် ငွေလိုနေသည့်အတွက် ဆွဲကြိုးကို ရောင်းချပြီး မြန်မာနိုင်ငံသို့ ငွေလွှဲပို့လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ 

လက်ရှိတွင် ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ ကိုဇော်ဝင်းဌေးအား နယ်မြေခံ ရဲစခန်းတွင် လုယက်မှုဖြင့် အမှုဖွင့်လှစ်ကာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here