ဒေါ်နယ်ထရန့်ကို သမ္မတကိုယ်စားလှယ်လောင်းအဖြစ်မှ ဖယ်ထုတ်ရေးတောင်းဆိုချက် မီချီဂန် တရားရုံးချုပ် ပယ်ချ

0
259

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုန်ကန်သူများအပေါ် ပိတ်ပင်တားမြစ်ရေးသတ်မှတ်ချက်ကို အခြေခံပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်အား ၂၀၂၄ ခုနှစ် ပဏာမရွေးချယ်ခံကိုယ်စားလှယ်လောင်းစာရင်းကနေ ဖယ်ထုတ်ရေး ကြိုးပမ်းချက်တစ်ခုကို မီချီဂန်ပြည်နယ် တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း သိရပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ သူ တစ်ကျော့ပြန်အရွေးမခံနိုင်စေရေး ကြိုးပမ်းမှုလို့ ယူဆရတဲ့လုပ်ရပ်မှာ သမ္မတဟောင်းအနေနဲ့ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်က ယင်းဆုံးဖြတ်ချက်ဟာ ကော်လိုရာဒိုပြည်နယ် တရားရုံးချုပ်ရဲ့ မကြာခင်က စီရင်ချက်နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက် လွှတ်တော်အဓိကရုဏ်းမှာ သူ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍအတွက် ပဏာမ ကိုယ်စားလှယ်လောင်းရွေးချယ်မှု မဲပြားမှာ ထရန့်ရဲ့ အမည်ကို ထည့်သွင်းခြင်းမပြုဖို့ ကော်လိုရာဒို တရားရုံးချုပ်က ဆုံးဖြတ်ထားခဲ့တာပါ။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အရှုံးကို ပြောင်းပြန်လှန်ဖို့ထရန့်ရဲ့ ကြိုးပမ်းခဲ့မှုတွေနဲ့ ဝါရှင်တန်မှာ ပေါ်ပေါက်ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေကြောင့် သူ့အနေနဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီ မမီကို ရွေးကောက်ပွဲ အရာရှိတွေ ဆုံးဖြတ်ကြစေရေးအတွက် ရီပတ်ဘလီကန် သမ္မတဟောင်းကို ဆန့်ကျင်သူတွေက တရားရုံးချုပ်ကိုအမိန့်ချပေးစေလိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တရားရုံး အနေနဲ့ ဖေဖော်ဝါရီ ၂၇ ရက် မီချီဂန်ပြည်နယ်ရဲ့ ပဏာမသမ္မတလောင်းရွေးချယ်မှု မတိုင်မီ တင်ပြလာတဲ့ မေးခွန်းတွေအပေါ် ပြန်လည်သုံးသပ်စစ်ဆေးသင့်တယ်ဆိုတာကို အယုံအကြည်မရှိ​ကြောင်းတရားရုံးရဲ့ အတိုချူံးစီရင်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်အရ ထရန့်ကို ပြည်နယ်များစွာမှာ ပဏာမ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လာခြင်းကနေ တားဆီးနိုင်ရေး ကြိုးပမ်းချက်တွေထဲက နောက်ဆုံးထွက်ပေါ်လာတဲ့ အကြောင်းအရာဖြစ်ပါတယ်။

၁၄ ကြိမ်မြောက် ပြင်ဆင်ချက်အရ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံပါမယ်လို့ ကျမ်းကျိန်ထားတဲ့ အရာရှိတွေအနေနဲ့ အစိုးရပုန်ကန်မှုတွေမှာ ပါဝင်ပတ်သက်ပါက အနာဂတ် ရာထူးတာဝန်တွေ ထမ်းဆောင်ခြင်းကနေ ပိတ်ပင်သွားမယ့်အကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: CNN, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here