ပဲခူး (၁၀) မိုင်ကုန်း မဟာဝိဟာရကျောင်းတိုက်မှ ပျောက်ဆုံးနေသည့် ကိုရင် (၄)ပါးကို အနီးနားရှိ ဘုန်းကြီးကျောင်းတွင် ပြန်လည်တွေ့ရှိ

0
293

ပဲခူးမြို့နယ်၊ (၁၀) မိုင်ကုန်းရှိ မဟာဝိဟာရကျောင်းတိုက်မှ ပျောက်ဆုံးနေသည့် အသက် (၁၀) နှစ်ကျော်အရွယ် ကိုရင် (၄)ပါးကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုရင်ငယ် (၄)ပါး ပျောက်ဆုံးနေမှုမှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယနေ့နံနက်တွင် မဟာဝိဟာရကျောင်းတိုက် အနီးနားရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဟာဝိဟာရ ကျောင်းတိုက်မှ တာဝန်ရှိသူ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ပဲခူးမှာပဲ ပြန်တွေ့တာပါ။ ဦးဇင်းတို့နဲ့ နီးနီးပဲ သိပ်မဝေးဘူး။ အဲဒီကျောင်းကပဲ သူတို့ကို စောင့်ရှောက်ထားတာ။ ဦးဇင်းတို့ အဲဒီကို သွားနေကြပါတယ်။ တိုင်ပင်မေးမြန်းရမှာပေါ့နော်။ အဲဒီမှာပဲ နေမလား။ ကျောင်းကိုပဲ ပြန်လာမလားဆိုတာကိုပေါ့”ဟု ဆရာတော်က မိန့်သည်။

ကိုရင်ငယ် (၄)ပါးမှာ ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်၊ နံနက် (၆)နာရီခန့်မှ စတင်ကာ ကျောင်းတိုက်မှ ထွက်ခွာသွားပြီး ပျောက်ဆုံးခဲ့ရာ တစ်လကျော်ကြာသည်အထိ မတွေ့ရှိခြင်းကြောင့် ကျောင်းတိုက်မှ တာဝန်ရှိသူ ဦးဇင်းက လူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လူပျောက်ကြော်ငြာပြီးနောက် သတင်းမီဒီယာများက ဆက်သွယ်မေးမြန်းကာ သတင်းရေးသားဖော်ပြမှုများ လုပ်ဆောင်ခဲ့ကြပြီးနောက် ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခြင်းသည်။

ပျောက်ဆုံးခဲ့ရသည့် ကိုရင် (၄) ပါးမှာ အသက် (၁၁) မှ (၁၃) နှစ်အရွယ်များဖြစ်ပြီး ဝါးခယ်မမြို့နယ်မှ ရှင်ဓမ္မနန္ဒ၊လားရှိုး မြို့နယ်မှ ရှင်ဃောသက၊ တောင်ကုတ်မြို့မှ ရှင်စန္ဒနှင့် ဂွမြို့နယ်မှ ရှင်ပညာသိရီတို့ ဖြစ်ကြောင်း မဟာဝိဟာရကျောင်းတိုက်မှ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။

မဟာဝိဟာရ ကျောင်းတိုက်များသည် ဝိနည်းကို အတိအကျလိုက်နာကျင့်ကြံကြသည့် စံပြုကျောင်းတိုက်များဖြစ်ပြီး အပျော်အပါးနှင့် အခြားသော ဝီစိကိစ္စများကို တင်းကြပ်ထားသည့် ကျောင်းတိုက်များလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here