ရှားပါး ငါးလောက်ငါး တစ်ပိဿာ ကျပ် (၇၀၀၀၀) အထိ ဈေးကောင်းရနေ

0
409

ဘားအံဒေသတွင် ဖမ်းဆီးရမိသည့် ရှားပါး ငါးလောက်ငါး တစ်ပိဿာ ၇၀၀၀၀ ကျပ်အထိ ဈေးကောင်းရနေကြောင်း ဘားအံမြို့မဈေး၊ သားငါးဈေးရုံမှ သိရသည်။

လက်ရှိတွင် ရှားပါး ငါးလောက်ငါးကို ဈေးကောင်းရရှိနေသဖြင့် စတင်ရောင်းချမှုများ ရှိလာကြောင်းလည်း ငါးလောက်ငါးရောင်းချသူတစ်ဦးက ပြောသည်။

“အခု ငါးလောက်တစ်ပိဿာကို ငွေကျပ် ၇၀၀၀၀ ခန့် ဈေးပေါက်ပြီး ရှားပါးပြီး ဈေးအလွန်ကြီးပါတယ်”ဟု ဘားအံမြို့မဈေး သားငါးဈေးရုံမှ ငါးလောက်ငါးရောင်းချသူက ဆိုသည်။

ယခုရက်ပိုင်း၌ ဘားအံဒေသတွင် အအေးပိုလာကာ ညနေပိုင်းများ၌ တိမ်များကွက်ကျားဖြစ်လာသဖြင့် ငါးလောက်ငါးများ ဆန်တက်သည့် အချိန်ဖြစ်ကြောင်း သိရသည်။

“ငါးလောက်ငါးလေးတွေ ထုံအိုင်ရွာလွန်ပြီး ဘားအံမြို့ကနေ ရေမိုင် (၇)မိုင်လောက်အကွာ ဝင်းကျန်ရွာအထိ ရောက်နေပြီ။ မကြာခင်ရက်ပိုင်းမှာပဲ ငါးလောက်ငါးလေးတွေ ဘားအံကို ဖြတ်ပြီး ဆက်လက်ဆန်တက်ပါဦးမယ်။ ငါးလောက်ငါးတွေ ဘားအံကို ဖြတ်ချိန် ထောင်ဝိတောင်အစွန်မှာ လူအတော်များများ လှေနဲ့ ခပ်ယူကြတာပါ”ဟု ငါးလောက်ဖမ်းဆီးသူတစ်ဦးက ပြောသည်။

အဆိုပါ ငါးမှာ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် ၁၀ ရက်တည်းသာ ရရှိသည့် ငါးတစ်မျိုးဖြစ်ပြီး ငါးကျောက်ကပ်၊ ငါးလောက်၊ ငါးသိန်းတုတ်ဟု ခေါ်လေ့ရှိပြီး အရွယ်အစားမှာလည်း သေးငယ်ကြောင်း ငါးလောက်ဖမ်းဆီးသူများ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here