စစ်ရေးပြင်ဆင်မှုအရှိန်မြှင့်ရန် မြောက်ကိုရီးယားစစ်တပ်အား ကင်မ်ဂျုံအန်းတောင်းဆို

0
148

ပြုံယမ်း၊ဒီဇင်ဘာ ၂၈

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် အမေရိက၏ရန်စမှုဟု ၎င်းယူဆသော လုပ်ရပ်များအတွက် နျူအစီအစဉ်အပါအဝင် စစ်ရေးပြင်ဆင်မှုကိုအရှိန်မြှင့်တင်ရန် မြောက်ကိုရီးယားစစ်တပ်အားတောင်းဆိုထားကြောင်းသိရသည်။

၎င်း၏ တောင်းဆိုချက်၌ အမေရိကအပါအဝင် တောင်ကိုရီးယားတို့၏ မြောက်ကိုရီးယားဆန့်ကျင်ရေး ရန်စမှုများကြောင့် ကိုရီးယားကျွန်းဆွယ်ရှိစစ်ရေးအခြေအနေသည် ပြင်းထန်လုနီးအခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကင်မ်ကအလေးအနက်ပြောကြားခဲ့သည်ဟု KCNA သတင်းတစ်ရပ်အရသိရသည်။

တောင်ကိုရီးယား၊ဂျပန်နှင့်အမေရိကတို့သည်လည်း ယခုနှစ်အတွင်း ပြုံယမ်း၏ စံချိန်တင်လက်နက်စမ်းသပ်မှုများနှင့်ရင်ဆိုင်ရချိန်တွင် နိုင်ငံရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး မကြာသေးမီကပင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့်တပြေးညီမျှဝေနိုင်မည့်စနစ်တစ်ခုကိုလည်းစတင်ခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိက၏နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားဆိပ်ကမ်းမြို့ ဘူဆန်သို့ရောက်ရှိခဲ့ပြီး ဝါရှင်တန်သည် ဆိုးလ်၊တိုကျိုတို့နှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင်လည်း ၎င်း၏ တာဝေးပစ်ဗုံးကြဲလေယာဉ်များကိုပါဖြန့် ကျက်ခဲ့သည်ဟုသိရသည်။

ကင်မ်ကမူ မြောက်ကိုရီးယားအနေဖြင့်မော်စကိုနှင့် ဆက်ဆံရေးအားနက်ရှိုင်းအောင်လုပ်ဆောင်နေပြီး ပြုံယမ်းသည် နယ်ချဲ့ဆန့်ကျင်ရေးအတွက် လွတ်လပ်သောနိုင်ငံများနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်သွားမည်ဟုလည်း ပါတီကိုယ်စားလှယ်များအားပြောကြားခဲ့သည်။

Source : အယ်လ်ဂျာဇီးရား


LEAVE A REPLY

Please enter your comment!
Please enter your name here