ဘန်ကောက်၌ ဇီကာဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသဖြင့် သတိဖြင့်နေကြရန်ညွှန်ကြားထား

0
840

ဘန်ကောက်၊ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ လူကို‌ေ-သစေနိုင်သည့် ဇီကာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာမှုကြောင့် ပြည်သူများအနေဖြင့် ခြင်ကိုက်ခံရခြင်းမှ ဂရုစိုက်ကာကွယ်ကြပါရန် ရောဂါပိုးမွှားဗေဒပညာရှင် အကြီးအကဲက ဒီဇင်ဘာ ၂၇ ရက်တွင်သတိပေးပြောကြားခဲ့သည်။

ချူလာလောင်ကွန်းတက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာဦးစီးဌာနမှရောဂါပိုးမွှားဗေဒပညာရှင် အကြီးအကဲ က ခြင်ကိုက်ခံရ၍ ဇီကာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမြင့်တက်လျက်ရှိရာ ဘန်ကောက်မြို့အတွင်းသာမက စေတီပုထိုးများတွင်ပါ ဗိုင်းရပ်စ်ကူးစက်မှုကိုစောင့်ကြည့် ထောက်လှမ်းနေကြောင်းလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ရေးသားခဲ့သည်။

၎င်းက မြို့တော်အတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရသောလူနာအရေအတွက်ကို အတိအကျမပြောသော်လည်း အဆိုပါဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုက လူကို‌ေ-သစေနိုင်သည့် အဆင့်အထိ အချို့လူနာများတွင်တွေ့ရကြောင်းပြောကြားခဲ့သည်။

အဆိုပါဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဉာဏ်ရည်ချို့တဲ့သည့် ကလေးမွေးဖွားခြင်း(သို့မဟုတ်)ပုံမှန်ထက်သေးငယ်သောဦးခေါင်းရှိသည့် ကလေးမွေးဖွားခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း၎င်းကသတိပေးခဲ့သည်။

၎င်းက ဇီကာဗိုင်းရပ်စ်ဟူသည်မှာ အပူပိုင်းဒေသတွင် ပြင်းထန်သော အဖျားရောဂါဖြစ်စေသည့်တုပ်‌ကွေးဗိုင်းရပ်စ်ကဲ့သို့ပင် ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပြန့်ပွားလာခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော အေးဒီးစ်(Aedes) ခြင်အမျိုးအစားများ၏အကိုက်ခံရခြင်းကြောင့်အဓိကကူးစက်ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ထို့ကြောင့်လည်း အရောင်ဖျော့သောလက်ရှည်အင်္ကျီများဝတ်ခြင်း၊ခန္ဓာကိုယ်၌ ခြင်ကိုက်ခြင်းကိုကာကွယ်သည့်ဆေးများလိမ်းခြင်းတို့ကို ပြုလုပ်သင့်ကြကြောင်းလည်းဆိုခဲ့သည်။

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပါက သုံးရက်မှခုနှစ်ရက်အတွင်း အဆစ်အမြစ်များနာခြင်း၊မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ကြွက်သားများနာကျင်ခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းစသည့် ရောဂါလက္ခဏာများပြသကာ ဖျားခြင်း၊အနီကွက်အနီစက်များ ပေါ်တတ်ကြောင်းလည်းတွေ့ရသည်ဟု၎င်းကဆိုသည်။

ဇီကာဗိုင်းရပ်စ်အား မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌တွေ့ရှိရပြီး မြန်မာနိုင်ငံတွင်မူ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံခြားသူတစ်ဦးထံမှဇီကာဗိုင်းရပ်စ်အားစတင်တွေ့ရှိခဲ့ရသည်ဟုသိရသည်။

Source : နေးရှင်းထိုင်းလန်း


LEAVE A REPLY

Please enter your comment!
Please enter your name here