မန္တလေးတိုင်း အတွင်းရှိ အလုပ်သမားများကို လူမူဖူလုံရေးအာမခံ အကျုံးဝင်မှတ်ပုံတင်ကတ် ထုတ်ပေးထား

0
164

ယခုဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်၊ မြို့နယ်အလိုက် အလုပ်ရုံများနှင့် အလုပ်ဌာနများမှ အလုပ်သမား (၁၁၅၄၅၂) ဦးကို လူမှုဖူလုံရေးအာမခံ အကျုံးဝင်မှတ်ပုံတင်ကတ် ထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။

အဆိုပါ လူမှုဖူလုံရေးအာမခံ အကျုံးဝင်မှတ်ပုံတင် ရရှိရေး အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ်ရှင်၊အလုပ်သမားများက လျှောက်ထားလျက်ရှိရာလက်ရှိအချိန်ထိ အလုပ်ဌာနပေါင်း (၇၄၅၇) ဌာနမှ အလုပ်သမား (၁၁၅၄၅၂) ဦးကို လူမှုဖူလုံရေးအာမခံ အကျုံးဝင်မှတ်ပုံတင်ကတ်ခွင့်ပြုထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ပြောသည်။

“မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်ရုံတွေနဲ့ ဌာနတွေက လူမှုဖူလုံရေးအာမခံ အကျုံးဝင်မှတ်ပုံတင်ကို ထားရှိကြပါတယ်။ အာမခံထားရှိတဲ့အတွက်လဲ အကျိုးခံစားခွင့်တွေ ရရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမားလူမှုဖူလုံရေးကို လက်ရှိ အကျိုးခံစားနေရတာထက်ပိုပြီး အကျိုးခံစားခွင့်ရရှိအောင် လူမှုဖူလုံရေးကို အကျုံးဝင်မှတ်ပုံတင်ပေးတာဖြစ်ပါတယ်။ အခုလို အာမခံလုပ်ထားတာ သာမန်အချိန်မှာ မသိသာပေမဲ့ အခက်အခဲကြုံတွေ့ရချိန်မှာတော့ အလွန်ကို အားထားရပါတယ်။ အာမခံထားရှိတဲ့ အခါမှာလဲ အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ ဝင်ငွေထဲကမှ လုပ်ငန်းအလုပ်ရှင်ဌာနက သုံးရာခိုင်နှုန်း၊ အလုပ်သမားတွေက နှစ်ရာခိုင်နှုန်း စုစုပေါင်း ငါးရာခိုင်နှုန်းဖြစ်တဲ့ ငွေကို လစဉ်ပေးသွင်းရတာဖြစ်ပါတယ်”ဟု ဦးသန်းနိုင်ဦးက ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း လူမှုဖူလုံရေးရုံးသို့ အကျုံးဝင်မှတ်ပုံတင်ထားရှိကြသော အလုပ်ဌာနများမှာ အလုပ်သမားငါးဦးအထက်ရှိသည့် စက်ဖြင့် သို့မဟုတ် လက်ဖြင့်လုပ်သည့် စက်မှုလက်မှုအလုပ်ဌာနများ၊ ပြည်သူ့ဘဏ် အလုပ်ဌာန၊ သမဝါယမ အလုပ်ဌာန၊ ပုဂ္ဂလိကအလုပ်ဌာန၊ ဖက်စပ်ဌာနများနှင့် အခြားအလုပ်ဌာနများပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here