ဒေသတွင်း အမေရိကန်ရဲ့ စစ်ရေးဖြန့်ကျက်မှု အရှိန်မြှင့်လာတဲ့အပေါ် သတိကြီးကြီးထားကြဖို့ တရုတ် တိုက်တွန်း

0
247

ဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုက စစ်ရေးဖြန့်ကျက်မှု အရှိန်မြှင့်လာတာနဲ့ပတ်သက်ပြီး မြင့်မားတဲ့သတိရှိကြဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အာရှ-ပစိဖိတ်နိုင်ငံတွေကို ဒီဇင်ဘာ ၂၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်ကို အဏုဗုံးကြဲချရာမှာ အသုံးပြုခဲ့တဲ့ ပစိဖိတ်ဒေသ လေယာဉ်ကွင်းတစ်ခုကို ပြန်အသက်သွင်းဖို့ အမေရိကန်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာအပြီးမှာ တရုတ်ရဲ့ တိုက်တွန်းချက်ထွက်လာတာဖြစ်ပါတယ်။

တရုတ်စစ်တပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လှုပ်ရှားမှုတွေအပေါ် အနီးကပ်အာရုံစိုက်ထားပြီး တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေ၊ ဒေသတွင်းရှိ အချုပ်အချာပိုင်ဆိုင်မှုနဲ့ လုံခြုံရေးကို စောင့်ရှောက်သွားမှာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Wu Qian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တောဖုံးနေတဲ့ Tinian North လေယာဉ်ကွင်းကို ပြန်လည်ဖော်ဆောင်ဖို့အတွက် လာမယ့်လတွေအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ဒီဇင်ဘာလ အစောပိုင်းမှာ ဂျပန်ရဲ့ Nikkei သတင်းစာကို ပြောကြားထားခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ ဒုံးကျည်ရန်ခြိမ်းခြောက်မှု ကြီးထွားလာတာနဲ့အမျှ အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်း လေယာဉ်တွေ ခွဲဖြန့်ချထားမယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး စွန့်ပစ်ထားခဲ့တဲ့ လေယာဉ်ကွင်းဟောင်းဟာ အမေရိကန်ပိုင်နက် မြောက်မာရီယာနာကျွန်းစု အစိတ်အပိုင်းဖြစ်တဲ့ Tinian ကျွန်းပေါ်မှာ တည်ရှိပြီး ဂူအမ်ကျွန်းကနေ ကီလိုမီတာ ၂၀၀ ခန့်ကွာဝေးကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here