ခွင့်ပြုချက်မရမီ အကောက်ခွန် သိုလှောင်ရုံတွင် ကုန်စည်များသိုလှောင်ပါက အရေးယူမည်

0
165

အကောက်ခွန်သိုလှောင်ရုံတွင် ခွင့်ပြုချက်မရမီ ကုန်စည်များသိုလှောင်ခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထပ်မံအသိပေးထုတ်ပြန်ထားသည်။

သွင်းကုန်လိုင်စင်ရယူ တင်သွင်းရမည့်ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာဌာနများ၏ သွင်းကုန်လိုင်စင်/ပါမစ်/ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားသည့်ကြေညာချက်ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၅) ရက် ရက်စွဲပါ သတင်းလွှာ (၆/၂၀၂၂) ဖြင့် အသိပေးထားရှိပြီးလည်း ဖြစ်သည်။

ယင်းအပြင် ကုန်ပစ္စည်းအုပ်စု (၁၄) မျိုးကို သွင်းကုန်လိုင်စင် ကြိုတင်လျှောက်ထားပြီး လိုင်စင်မရမီ အကောက်ခွန်လုပ်ထုံး လုပ်နည်းများအတိုင်း အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်ကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် ရက်စွဲပါ ပို့ကုန်/သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၆/၂၀၂၃)ဖြင့် အသိပေးထားပြီးလည်းဖြစ်သည်။

သို့ဖြစ်၍ စက်သုံးဆီ၊ စားသုံးဆီအပါအဝင် အကောက်ခွန်သိုလှောင်ရုံတွင် ထည့်သွင်းသိုလှောင်ရန် ခွင့်ပြုထားခြင်းမရှိသည့် ကုန်စည်ဖြစ်စေ၊ဓာတ်မြေဩဇာ အပါအဝင်အကောက်ခွန်သိုလှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ရှိသော်လည်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ သိုလှောင်ရုံခွင့်ပြုချက်မရှိသေးသည့် ကုန်စည်ဖြစ်စေ၊ သွင်းကုန်လိုင်စင်/ပါမစ် မရရှိဘဲ ကြိုတင်တင်သွင်းခြင်းမပြုရန်နှင့် အသိပေးကြေညာချက်များအား လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here