မန္တလေးတွင် သဲကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ နှစ်ဦး ထိခိုက်ဒဏ်ရာရ

0
172

မန္တလေးမြို့၊ (၈၄) လမ်းနှင့် (၄၁) လမ်းထောင့်တွင် သဲတင်ကားနှင့် ဆိုင်ကယ် တစ်စီး တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။

ဒီဇင်ဘာ (၂၉) ရက် ညပိုင်းအချိန်က အဆိုပါ ယာဉ်တိုက်မှု သတင်းအရ ဖြစ်စဉ်နေရာသို့ “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး)မှ အရေးပေါ်ကားဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“မန္တလေးမှာ သဲကားတွေက တအားမောင်းတာ။ မကြာခဏဆိုသလို ယာဉ်တိုက်မှု ဖြစ်တယ်။ ဟိုတလောကလည်း သဲကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်မောင်းသူ အသက်ဆုံးရှုံးခဲ့ရသေးတယ်။”ဟု မန္တလေးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိရာ လိုအပ်သည့် မြေပြင်ဆေးကုသမှုပေးပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၀)ရက်ကလည်း မန္တလေးမြို့ (၄၁) လမ်း၊ (၈၄) လမ်းနှင့် (၈၃) လမ်းကြားတွင် သဲတင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသည့် အသက် (၄၀)နှစ် အရွယ် ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်သူ အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရသေးကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here