ပြည်တွင်း ၊ ပြည်ပ ခရီးသွားဧည့်သည်စစ်တမ်းများ ကောက်ယူမည်

0
202

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

သုတေသန ဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသန ပြုလုပ်ခြင်းမှတဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် သုတေသနတွေ့ရှိချက်များကို အခြေခံ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွားစစ်တမ်းများစတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပေါင်း (၁၉) မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူမှုအစီအစဉ်အရ ပြည်တွင်းခရီးသွားများကို ဒီဇင်ဘာ (၃၀) ရက်တွင် စတင်ကောက်ယူ သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here