မန္တလေးတွင် နှစ်သစ်ကူး Happy New Year ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ်အတွင်း လမ်းအချို့ ခေတ္တပိတ်ထားမည်

0
173

မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအခမ်းအနားကို ကျုံးအရှေ့တောင်ထောင့် (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်တွင် ဒီဇင်ဘာ (၃၁) ရက် ည (၆) နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲကျင်းပနေစဉ်အတွင်း လမ်းအချို့ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထို့ကြောင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ်အတွင်း ည (၆) နာရီမှ စတင်၍ ပွဲပြီးဆုံးချိန်အထိ (၂၄) လမ်းနှင့် (၆၆) လမ်းဆုံ၊ (၂၆) လမ်းနှင့် (၆၅) လမ်းဆုံ၊ (၂၇) လမ်းနှင့် (၆၆) လမ်းဆုံ၊ (၂၆) လမ်းနှင့် (၆၈) လမ်းဆုံတို့တွင် လမ်းပိတ်ထား၍ မည်သည့်ယာဉ်မှ ဝင်ခွင့်မပြုဘဲ ပွဲတော်လာ ပြည်သူလူထုသာ ခြေလျင်ဝင်ရမည်ဖြစ်သည်။

အလားတူ (၁၉) လမ်းနှင့် (၆၆) လမ်းဆုံ၊ (၂၆) လမ်းနှင့် (၆၂) လမ်းဆုံ၊ လမ်း (၃ဝ) နှင့် (၆၆) လမ်းဆုံ၊ (၂၆) လမ်းနှင့် (၇၃) လမ်းဆုံတို့တွင် လမ်းလွှဲများပြုလုပ်၍ ပွဲတော်လာယာဉ်များနှင့် အဆိုပါ နေရာများအတွင်း နေထိုင်သည့် ယာဉ်များသာ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် နှစ်သစ်ကူး (Happy New Year) ပျော်ပွဲရွှင်ပွဲကျင်းပမည့် (၂၆) လမ်းနှင့် (၆၆) လမ်းဆုံတွင် ဖြတ်သန်းသွားမည့် ယာဉ်များကို ဝင်ခွင့်မပြုဘဲ တခြားလမ်းလွှဲမှ မောင်းနှင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲတွင် နိုင်ငံကျော် သရုပ်ဆောင် အဆိုတော်များနှင့် တွဲဖက်လျက် မန်းစည်ပင်ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်း၊ DJ အဖွဲ့များ တို့ဖြင့် တွဲဖက်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here