Maersk သင်္ဘောလိုင်းမှ ကွန်တိန်နာတင်သင်္ဘောတစ်စင်း ပင်လယ်နီတွင် ဒုံးကျည်ထိမှန်

0
202

ဒိန်းမတ်သင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် Maersk သင်္ဘောလိုင်းမှ ကွန်တိန်နာတင်သင်္ဘောတစ်စင်းသည် ပင်လယ်နီတောင်ပိုင်းတွင် ဒုံးကျည်ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်ကပြောသည်။

ယမန်နေ့ညနေ ဒေသစံတော်ချိန် ၈ နာရီခွဲခန့်တွင် Maersk သင်္ဘောလိုင်းမှ ကွန်တိန်နာတင်သင်္ဘော Maersk Hangzhou သည် ပင်လယ်နီတောင်ပိုင်းကိုဖြတ်သန်းစဉ် ဒုံးကျည်ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က X တွင် ရေးသားပြောကြားခဲ့ခြင်းဖြစ်သည်သည်။

စင်္ကာပူနိုင်ငံ အလံတင် ကွန်တိန်နာတင်သင်္ဘောသည် အကူအညီ တောင်းခံခဲ့ပြီး၊ သူ၏ တောင်းခံချက်ကို USS Gravely နှင့် USS Laboon တို့က ပြန်လည် တုံ့ပြန်ခဲ့ကြောင်း အဆိုပါ ပို့စ်တွင် ဖော်ပြထားသည်။ တုံ့ပြန်စဉ်တွင် USS Gravely သည် ယီမင်ရှိ ဟူသီထိန်းချုပ်ထားသော နယ်မြေများမှ ပင်လယ်နီတွင်းရှိ ကုန်တင်သင်္ဘောများဆီသို့ ပစ်ခတ်သည့် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့သည်။

“သင်္ဘောက ပင်လယ်ထဲ မျောသွားတယ်လို့ သတင်းရပြီး ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုတိုက်ခိုက်ခြင်းသည် နိုဝင်ဘာ ၁၉ ရက်နောက်ပိုင်း နိုင်ငံတကာ အရပ်ဖက်ကုန်တင်သင်္ဘောများအား ဟူသီလက်နက်ကိုင်များ၏ ၂၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ပြင်းထန်လာပြီးနောက် အစ္စရေးပိုင်နက်ကို တိုက်ခိုက်ကာ ပင်လယ်နီနှင့် Bab-el-Mandeb ရေလက်ကြားတိုကို စစ်ဆင်ရေးမပြီးမချင်း အစ္စရေးနှင့် ဆက်နွယ်သော သင်္ဘောများ ဖြတ်သန်းသွားလာခြင်းမှ တားဆီးမည်ဖြစ်ကြောင်း ယီမင်ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။ ထိုကြောင့် အမေရိကန် အာဏာပိုင်များသည် ပင်လယ်နီအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် သင်္ဘောများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ထူထောင်ကြောင်း ကြေညာပြီး Operation Prosperity Guardian ကို ပြင်ဆင်ခြင်းဖြင့် ဟူသီတိုကို တုံပြန်ခဲ့သည်။ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ဆေရှဲလ်စ်၊ စပိန်နှင့် ဗြိတိန်တို့လည်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်လာမည်ဟု မျှော်လင့်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here