ရုရှားစစ်သည်များကို သူရဲကောင်းများအဖြစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ပူတင် ချီးကျူး ပြောကြား

0
175

ယူကရိန်းနဲ့ စစ်ပွဲအတွင်း ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရုရှားစစ်သည်တွေကို သူရဲကောင်းတွေဖြစ်တယ်လို့ သမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ များစွာအောင်မြင်ခဲ့တယ်လို့ ပူတင်က ဆိုခဲ့ပြီး နိုင်ငံရဲ့ အကျိုးစီးပွားတွေ၊ တန်ဖိုးတွေကို ကာကွယ်ရာမှာ အားကောင်းခဲ့ကြောင်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

ရုရှားတပ်များဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ ယူကရိန်းရဲ့ ပြင်းထန်တဲ့ တန်ပြန်ထိုးစစ်ကို ခုခံကာကွယ်နိုင်ခဲ့ကြပါတယ်။ နောက်ဆုံးခြောက်လအတွင်း တွန်းလှန်တိုက်ခိုက်မှုတွေဟာ ရှေ့တန်းစစ်မြေပြင်တစ်လျှောက် တစ်စုံတစ်ရာအပြောင်းအလဲမျှသာရှိခဲ့ပြီး ယူကရိန်းအတွက် ကြီးစွာသော အရှုံးနဲ့ အဆုံးသတ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေမှာ အနောက်နိုင်ငံလုပ် ဧရာမ သံချပ်ကာယာဉ်တွေနဲ့ လက်နက်တွေအပါအဝင် ယူကရိန်းဘက်က စစ်သည်နဲ့ စစ်လက်နက်ပစ္စည်း အကြီးအကျယ်ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့လည်း မော်စကိုရဲ့ ခန့်မှန်းသုံးသပ်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားစစ်တပ် နည်းဗျူဟာတွေရဲ့ ထိရောက်မှုကို အမေရိကန်အပါအဝင် ကိဗ်ရဲ့ ကျောထောက် နောက်ခံပြုသူများကပင် အသိအမှတ်ပြုခဲ့ရပြီး အနောက်နိုင်ငံလုပ် လက်နက်တွေဆိုတဲ့ တစ်မျိုးတည်းသော အထောက်အပံ့ဟာ ပဋိပက္ခကို ပြောင်းလဲစေသောအရာ မဖြစ်နိုင်ဘူးဆိုတာကို သိရှိသွားကြတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က လက်နက်ကိုင်တပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ “မင်းတို့ဟာ ငါတို့ရဲ့ သူရဲကောင်းတွေပါ” လို့ ပူတင်က ဆိုခဲ့ပြီး တစ်နိုင်ငံလုံးက သန်းချီသော ရုရှားနိုင်ငံသားတွေရဲ့ စိတ်ရင်းမှန်နဲ့ ထောက်ခံအားပေးမှုကို စိတ်ချယုံကြည်စွာ ခံစားရစေတဲ့ စစ်သည်တွေအတွက် နိုင်ငံတော်က ဂုဏ်ယူပါကြောင်းလည်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှု၊ ဂရုဏာနဲ့ ခံနိုင်ရည်ရှိမှုတို့ကိုလည်း ပူတင်က ထည့်သွင်းပြောကြားသွားပါတယ်။ နိုင်ငံတော်အနေဖြင့် မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွား၊ လွတ်လပ်မှုနဲ့ လုံခြုံရေး၊ မိမိတို့ရဲ့ စံတန်ဖိုးတွေဟာ မယိမ်းမယိုင်တဲ့မဏ္ဍိုင်တစ်ခုအဖြစ် အမြဲဆက်လက်တည်ရှိနေတယ်လို့ ပူတင်က ပြောဆိုသွားခဲ့ပါတယ်။

Ref: RT


LEAVE A REPLY

Please enter your comment!
Please enter your name here