အင်းစိန် အောက်မင်္ဂလာဒုံ လမ်းမပေါ်တွင် တစ်ချိန်တည်း ယာဉ်တိုက်မှု (၂) မှု ဖြစ်ပွားပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

0
154

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်တွင် ဇန်နဝါရီ (၁)ရက် ည(၁၀)နာရီခန့် အချိန်က ယာဉ်တိုက်မှု (၂) မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းမပေါ်တွင် YBS ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ YBS ယာဉ်မှ ဂတ်စ်အိုးများ ပွင့်ထွက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“တစ်ချိန်တည်း ယာဉ်တိုက်မှု နှစ်ခု သွားရောက်ကူညီပေးခဲ့တာ။ အောက်မင်္ဂလာဒုံ လမ်းမပေါ်မှာ YBS ယာဉ်နဲ့ အိမ်စီးကား တိုက်မိပြီး YBS ယာဉ်က ဂတ်စ်အိုးတွေ ပွင့်နေချိန် ယာဉ်ပေါ်ကနေ အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်”ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဆိုသည်။

ဂတ်စ်အိုးများ ပွင့်ထွက်နေချိန် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား တစ်ဦးအား ယာဉ်ပေါ်မှ အရေးပေါ် ကယ်ထုတ်ခဲ့ပြီး လူနာအား မြေပြင်ရှေးဦးကုသမှုပေးကာ လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် တစ်ချိန်တည်းတွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းမပေါ်ရှိ ပြည်တော်သာကွေ့တွင် အိမ်စီးကားနှင့် အငှားယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသားတစ်ဦးကို မြေပြင်ရှေးဦးကုသမှုပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here