ပျဉ်မနားမြို့ မြို့တော်ထိပ်ပန် စေတီတော် ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပ

0
169

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ မြို့တော်ထိပ်ပန် မင်္ဂလာစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ဇန်နဝါရီ (၂) ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နာယူကြည်ညိုပြီးနောက် ဝန်ကြီးချုပ်နှင့်ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာတော်များကို ဝဲကြီးစာသင်တိုက် ဆရာတော်ကြီးထံ သာဟတ္ထိကဒါနမြောက်ဆက်ကပ်ပူဇော်ပြီး ကျန်အလှူရှင်များကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ပြီးနောက်ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပါဠိဆရာတော်ကြီးအမှူးပြု၍ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ဌာပနာတိုက်ကို ဖွင့်လှစ်၍ ဆီမီးထွန်းညှိပူဇော်ပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ဌာပနာတိုက်အတွင်းသို့ ဌာပနာတော်သွင်းလှူပူဇော်ကာ ပရိတ်နံ့သာရည်များ ပတ်ဖျန်းပူဇော်ခဲ့သည်။

၎င်းနောက် ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ  အခမ်းအနားတက်ရောက်လာကြသူများနှင့် ဒေသခံပြည်သူများက မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်တွင် တင်လှူပူဇော်ကာ ပရိတ်နံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး တာဝန်ရှိသူများက အရံစေတီတော်များအား အစီအစဉ်အတိုင်း ရွှေထီးတော်များ တင်လှူပူဇော်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here