ငလျင်ဘေး တုန့်ပြန်ဆောင်ရွက်မှုတွေမှာ ဂျပန်ကို အကူအညီပေးဖို့ အာရှခေါင်းဆောင်တွေ ကမ်းလှမ်း

0
218

နှစ်သစ်ကူးနေ့က ဂျပန်ကမ်းရိုးတန်းမှာ ၇.၆ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံကို ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးဖို့ ဖိလစ်ပိုင်မှ တောင်ကိုရီးယားအထိ အာရှခေါင်းဆောင်တွေနဲ့ အာရှပြင်ပ ခေါင်းဆောင်တွေက ကမ်းလှမ်းခဲ့ကြကြောင်း သိရပါတယ်။

ငလျင်ကြောင့် ‌ေ-သဆုံးသူဦးရေ တိုးမြင့်နေလျက်ရှိရာမှာ ငလျင်ဒဏ် ကျယ်ကျယ်ပြန့်ပြန့်ခံလိုက်ရတဲ့ အီရှီကာဝါ စီရင်စု နိုတိုကျွန်းဆွယ်ဒေသဝန်းကျင်မှာ ဂျပန်စံတော်ချိန် အင်္ဂါနေ့ညပိုင်းအထိ ‌ေ-သဆုံးဦးရေ ၅၅ ဦး ( ဒေသဆိုင်ရာ အစိုးရရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ‌ေ-သဆုံးဦးရေ ၆၂ ဦးအထိ တိုးလာတယ်လို့CNA သတင်းက ဖော်ပြခဲ့) ရှိလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူပေါင်း ၅၇၀၀၀ ဦးကျော်ကို ကယ်တင်ပေးခဲ့ရပြီးဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

“ကျွန်ုပ်တို့ တတ်နိုင်သမျှနည်းလမ်းနဲ့ အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်” လို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ယခင်တွစ်တာလို့ သိကြတဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ပစိဖိတ် မီးကွင်းဒေသတွင်း ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ မျှဝေရင်ဆိုင်ကြရမှုမှာ ဂျပန်နိုင်ငံနဲ့အတူ မိမိတို့ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံက ပံ့ပိုးကူညီရန် အသင့်ရှိပါကြောင်း သူက ပြောဆိုပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင်လူမျိုးတွေ သက်သာ ချောင်ချိရေးကို အာမခံဖို့ ဂျပန်အစိုးရနဲ့ မိမိတို့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးလ်က ငလျင်ဘေးဒဏ် ခံခဲ့ရသူများအတွက် ဝမ်းနည်းရပါကြောင်းကို အင်္ဂါနေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။ ဂျပန်ရဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးမှာ အကူအညီပေးမယ့် သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း တောင်ကိုရီးယား သမ္မတက ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်း ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ငလျင်ဘေးဒဏ်အတွင်း ‌ေ-သဆုံးခဲ့ကြရ၊ ဒဏ်ရာရခဲ့ကြသူတွေနဲ့ သူတို့ မိသားစုဝင်တွေအတွက် မိမိတို့ ဝမ်းနည်းကြေကွဲရပါကြောင်း အင်္ဂါနေ့မှာ ဝမ်က ပြောဆိုခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ဂျပန်အတွက် စာနာမိကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်းဝမ်က တနင်္လာနေ့မှာ X ပေါ် ရေးသားခဲ့ပြီး ဂျပန်နိုင်ငံကို ပံ့ပိုးကူညီရေး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပြင်ဆင်ထားတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း မည်သည့်လိုအပ်တဲ့ အကူအညီအတွက်မဆို ပေးအပ်ဖို့ အမေရိကန်က အသင့်ရှိကြောင်း ဂျပန်ငလျင်ဘေးနဲ့ ပတ်သက်လို့ တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ ဗြိတိန်ရဲ့ ကြီးမြတ်တဲ့ မိတ်ဆွေတစ်ဦးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံကို ထောက်ပံ့ကူညီဖို့ရာ မိမိတို့ အသင့်ရှိနေကြောင်းနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်ခ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အီတလီဝန်ကြီးချုပ်၊ ကနေဒါ ဝန်ကြီးချုပ်နဲ့ ပြင်သစ် သမ္မတ တို့ကလည်း ဂျပန်နိုင်ငံနဲ့တစ်သားတည်းရှိနေကြောင်းဆိုခဲ့ကြကာ အကူအညီတွေပေးပို့ဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here