မြောက်ဒဂုံ (၄၈) ရပ်ကွက် အောင်ဆန်းသူရိယလှသောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွား ၊ ခွေးဂေဟာဟု ကနဦးသတင်းရ

0
1936

ယနေ့ ဇန်နဝါရီလ (၃) ရက် ည (၇)နာရီ (၄၄) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဒဂုံမြို့နယ် ၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေရာသည် ခွေးဂေဟာတစ်ခုဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

” ခွေးတွေ အများကြီးမွေးထားတာ။ ဖြစ်တဲ့အချိန် လူမရှိဘူးထင်တယ်။ အကုန်တံခါးတွေ ပိတ်ထားတာ၊ ဝင်လို့လည်း မရဘူး” ဟု နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူလူထုများ ၊ ပရဟိတအဖွဲ့များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ည(၈) နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ (၃) ရက် ညဦးပိုင်းတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ပြည်လမ်းနှင့် ပဒေသာလမ်းထောင့်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီလ (၃) ရက် နေ့လယ် (၁၂) နာရီ ခွဲဝန်းကျင်ကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အနီးတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် (၅) နာရီ ဝန်းကျင်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကွန်တိန်နာယာဉ် ရပ်နားဝန်းအတွင်း ရပ်နားထားသော ကွန်တိန်နာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီ (၃) ရက်တစ်ရက်တည်းတွင် ဧရာဝတီတိုင်း မအူပင်မြို့ ၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နှင့် ကရင်ပြည်နယ် မြဝတီမြို့တို့တွင်လည်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here