ဖိလစ်ပိုင် ကုန်တိုက်တစ်ခုသို့ မြေအောက်ဥမင်တူး ဝင်ရောက်ခဲ့သည့်သူခိုးများက ရတနာနှင့် ငွေသား ပီဆို ၄၁ သန်းဖိုးခန့် ခိုးယူသွားခဲ့

0
203

ကုန်တိုက်တစ်ခုအတွင်းကို မြေအောက်ကနေ ဥမင်တူးဖောက်ဝင်ရောက်ကာ လက်ဝတ်ရတနာနဲ့ ငွေသား ပီဆို ၄၁ သန်းဖိုးခန့်(ကန်ဒေါ်လာ ၇သိန်းကျော်) ရယူသွားခဲ့ကြတဲ့ သူခိုးသုံးဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ဖိလစ်ပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။

အခင်းဖြစ်ရပ်ဟာ မနီလာမြို့တော်ကနေ ၇၈၃ ကီလိုမီတာခန့်ဝေးတဲ့ Ozamiz မြို့က Gaisano Mall မှာ ဒီဇင်ဘာ ၃၁ ရက်က ဖြစ်ပွားခဲ့တာလို့ အွန်လိုင်းသတင်းဌာန Rappler က ဖော်ပြပါတယ်။

သူခိုးတွေဟာ ကုန်တိုက်ဘေးရှိ ပုဂ္ဂလိကခြံဝန်းတစ်ခုက နှစ်သစ်ကူးပွဲကျင်းပရာနေရာကနေ ဥမင်တစ်ခုစခဲ့ပြီး ကုန်တိုက်ရဲ့ စားသောက်ခန်းရှိရာကိုရောက်တဲ့ ရေနုတ်မြောင်းအတွင်း အပေါက်ဖောက်ဝင်ရောက်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောဆိုကြောင်း ABS-CBN သတင်းမှာ ဆိုခဲ့ပါတယ်။ ကုန်တိုက်အတွင်း ရောက်ရှိချိန်မှာ သူခိုးသုံးယောက်ဟာ MetroBank အလိုအလျောက်ငွေထုတ်စက်တစ်ခုကို အားသုံးဖျက်ဆီးကာ ငွေသား ပီဆို ၈၀၀၀၀ ကို ရယူခဲ့ကြပါတယ်။

ယင်းနောက် သူတို့ဟာ GKC လက်ဝတ်ရတနာနဲ့ Oro Italia Fine လက်ဝတ်ရတနာဆိုင်တွေရှိ မှန်ခန်းတွေအတွင်းက လက်ဝတ်ရတနာနဲ့ ငွေသား ပီဆို ၄၁ သန်းခန့်ကို ရယူကာ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားခဲ့ကြပါတယ်။

လုယက်ခံရမှုဖြစ်စဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၁၁ လောက်မှာ ကုန်တိုက်ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ABS-CBN သတင်းက ဖော်ပြပါတယ်။

သူခိုးတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပေမယ့် နှစ်သစ်ကူးအကြိုညက ယင်းဖြစ်စဉ်မှာ သူခိုးသုံးဦးကို အကူအညီပေးခဲ့သည်ဟု သံသယရှိသည့်ကာနီဗယ်လ်ပွဲတော်ဝန်ထမ်း တစ်ဦးကို ရဲက ဖမ်းဆီးထားကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here