လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း ဗိုလ်ဆွဲ ၊ နစက ဥက္ကဋ္ဌမှ တံခွန်စိုက်ဖလားနှင့်ဆုငွေချီးမြှင့်

0
218

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းမှ အနိုင်ရ ဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်း (၂) သင်းတို့ ယှဉ်ပြိုင် ကစားကြရာတွင် ပွဲချိန် မိနစ်(၉၀) အတွင်း တစ်ဖက် (၃) ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည့်အတွက် အချိန်ပို မိနစ် (၃၀)ထပ်မံကစားခဲ့ကရာ အချိန်ပို (၁၈) မိနစ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းမှ ဦးဆောင်ဂိုး (၁) ဂိုး ထပ်မံသွင်းခဲ့သည့်အတွက် (၄) ဂိုး (၃) ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာ မှုထန်နှင့် မန်းငြိမ်းမောင်တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ထို့နောက် အသင်းလိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကလည်းကောင်း၊ တတိယဆုရရှိသည့်ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here