လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လက်တွဲကြိုးပမ်းကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
957

မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် စစ်မှန်သောမျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များဖြင့် သွေးစည်း ညီညွတ်စွာ လက်တွဲပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ်ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဆက်လက်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ကတိပြု ပြောကြားသွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း ပြည်ပရှိဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲ ပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးနိုင်ရေးတို့အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသကို အခြေခံသည့်စနစ်ကို အဓိက ဦးတည် ဆောင်ရွက်မည်ဟုလည်း နစက ဥက္ကဋ္ဌက ထပ်မံပြောကြားခဲ့သည်။

ထိုသို့ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့် ပြည့်စုံရန် လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာ ရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ၊ စိုက်ပျိုးရေး ကဏ္ဍ ၊ ပညာရေးနှင့် တိုင်းရင်းသားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ယနေ့ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here