ဒီဇင်ဘာလအတွင်း မန္တလေးဆိပ်ကမ်းမှ နိုင်ငံတစ်ဝန်းသို့ ကုန်စည်တန်ချိန် ၇၀၀၀၀ နီးပါး တင်ပို့ခဲ့

0
231

ကုန်စည်များပြားလာခြင်းကြောင့် ရေယာဉ်များပေါ်တွင် ကုန်စည်များကို သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှုများ မပြုလုပ်ကြရန် နိူး​ဆော်ထား

မန္တလေးဆိပ်ကမ်းမှ နိုင်ငံတစ်ဝန်းသို့ ဒီဇင်ဘာလအတွင်း ကုန်စည်တင်ပို့သည့် ရေယာဉ်အစီးရေ (၈၀) ထိရှိခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးမှ သိရသည်။

မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ ရွှေကူ၊ ကသာနှင့် ဗန်းမော်မြို့တို့သို့ ပြောင်းဆန်၊ သကြား၊ တင်လဲရည်၊ ဘိလပ်မြေ၊ ဆား၊ ထုံး စသည့်ကုန်စည်များ တင်ပို့ခဲ့ကြောင်း သိရသည်။

“အခုက ဧရာဝတီမြစ်ရေနည်းချိန်ဖြစ်ပေမယ့် ကုန်စည်ရရှိမှုက တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ မန္တလေးဆိပ်ကမ်း ကနေ အများဆုံးတင်ပို့ရတဲ့ ကုန်စည်တွေကတော့ ဘိလပ်မြေ၊ တင်လဲရည်၊ သကြားတို့ဖြစ်ပါတယ်”ဟု ဒုတိယဦးစီးမှူး ဒေါ်တင်တင်ထွန်းက ပြောသည်။

မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ ရွှေကူ၊ ကသာနှင့် ဗန်းမော်မြို့တို့ သို့ ဒီဇင်ဘာလအတွင်း တင်ပို့နိုင်ခဲ့သည့် ကုန်တန်ချိန်များမှာ ဘိလပ်မြေ ၃၂၃၇၁ ဒသမ ၉၃ တန်၊ ပြောင်းဆန်တန်ချိန် ၁၈၆၂၄ ဒသမ ၆ တန်၊ ကျောက်စရစ်ကျင်း အရေအတွက်မှာ ၃၁၅ဝ၊ တင်လဲရည်တန် ၈၀ဝ၊ သကြား ၁၇၉၅၉ ဒသမ ၈၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးဆိပ်ကမ်းမှ တင်ပို့ရသည့် ယခုကုန်စည်များပြားလာခြင်းကြောင့် ရေယာဉ်များပေါ်တွင် ကုန်စည်များကို သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှုများ မပြုလုပ်ကြရန် လိုအပ်ကြောင်း သိရသည်။

ရေယာဉ်၏ အရွယ်အစားနှင့်မချိန်ဘဲ ကုန်များကို တင်ဆောင်ကာ မြစ်အတွင်းသွားလာပါက ရေယာဉ်များ အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ယခုလက်ရှိ ဧရာဝတီမြစ်ရေ နည်းချိန်ကာလဖြစ်သောကြောင့် ၎င်းမြစ်အတွင်း မန္တလေးဆိပ်ကမ်းမှ သွားလာကြမည့် ရေယာဉ်များအနေဖြင့်လည်း အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ရေပေါ်၊ ကမ်းပေါ် တွင် စိုက်ထူပြသပေးထားသည့် ရေလမ်းညွှန်အမှတ်အသားများကို အထူးဂရုပြုသွားလာကြရန် လိုအပ်ကြောင်း သတိပေးမှုများလည်း ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here