မန္တလေး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ယနေ့ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာ

0
271

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နှင့် စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ(၄)ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား (၉၆၅၂) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသူများထဲတွင် ဒေါက်တာရဲလွင်နှင့် ဦးကျော်ဇေယျတို့ပါ ပြန်လည်ပါဝင်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

” ဟုတ်တယ်။ ဆရာရဲလွင် ပြန်လွတ်လာပြီလို့ ပြောလို့ရပါတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာရဲလွင်သည် လူမှုကွန်ရက်စာမျက်နှာတွင် လက်သုံးချောင်းထောင်သည့် ဓာတ်ပုံတင်ခဲ့သည့်အတွက် CDM လှုံ့ဆော်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းကပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအား ရာဇသတ်ကြီး ဥပဒေမ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲကာ ထောင်တွင်းတရားရုံးမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင်ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်မှ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံ ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၄၀၉) ဖြင့် ထပ်မံ တရားစွဲကာ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထောင်ဒဏ် (၂)နှစ် ထပ်မံ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျကိုလည်း အလားတူ ပုဒ်မ ၅၀၅(ခ) ၊ ပုဒ်မ (၄၀၉) တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း (၄) နှစ် ချမှတ်ထားရာမှ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဒေါက်တာ ရဲလွင်နှင့်အတူ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

‌၎င်းတို့နှင့်အတူ မန္တလေး အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် NLD ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်ကိုတော့ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here