ပင်လယ်နီမှာ ကုန်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီအဖွဲ့လုပ်ရပ်အပေါ် UN ကအမြန် အရေးယူဖို့ အမေရိကန် တောင်းဆို

0
212

အဓိက ကုန်သွယ်ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ပင်လယ်နီရေပြင်မှာ သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဟူသီသူပုန်တွေကို အဆောတလျင်အရေးယူဆောင်ရွက်ဖို့ရာ အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဟူသီအဖွဲ့ရဲ့ ကာလကြာရှည် ဘဏ္ဍာရေးထောက်ပံ့သူဖြစ်တဲ့ အီရန်အနေနဲ့ သူပုန်တွေအပေါ် ထောက်ပံ့မှုဆက်လုပ်နေမလားဆိုတာနဲ့ ပတ်သက်လို့ ရွေးချယ်မှုတစ်ခုလုပ်ဖို့လည်း အမေရိကန်က သတိပေးခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ နိုဝင်ဘာ ၁၉ ရက်ကစလို့ တိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွန်တိန်နာ သင်္ဘောတစ်စင်းကို တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့မှုမှာ အမေရိကန်တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ၎င်းတို့တိုက်ခိုက်ရေးသမား ၁၀ ဦး ဆုံးရှုံးထားခဲ့တာတောင် နောက်ထပ် ကွန်တိန်နာသင်္ဘောတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ယင်းအဖွဲ့က ကြေညာသွားကြောင်း ကုလဆိုင်ရာ အမေရိကန် ဒုတိယ သံအမတ် ခရစ္စတိုဖာလူက လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီ ၁၈ ခုခန့်ဟာ သူတို့သင်္ဘောတွေ ဘေးကင်းစေဖို့အတွက် တောင်အာဖရိကဝန်းကျင်ရှိ ရေလမ်းကြောင်းတွေကနေ လမ်းကြောင်းပြောင်း ခုတ်မောင်းစေခဲ့တယ်လို့ နိုင်ငံတကာ ရေကြောင်းသွားလာမှုအဖွဲ့အထွေထွေအတွင်းရေးမှူး အာဆန်နီယို ဒိုမင်ဂွက်ဇ်က လုံခြုံရေးကောင်စီကို ပြောဆိုပါတယ်။

နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုတွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ အရေးပါတဲ့ ပင်လယ်နီရေလမ်းကြောင်းကနေ ဖြတ်သန်းခုတ်မောင်းနေတာဖြစ်ပြီး ဂွတ်ဟုတ်အငူဝန်းကျင် ရေလမ်းကြောင်းတွေကနေ လမ်းကြောင်းပြောင်း ခုတ်မောင်းရမှုတွေကြောင့် လိုအပ်တာထက် အချိန် ၁၀ ရက်ခန့် ပိုရှည်ကြာနေကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပေါ် အနုတ်လက္ခဏာဆောင်စေကြောင်းနဲ့ စရိတ်စကတွေ မြင့်တက်နေကြာင်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဟူသီအဖွဲ့ အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်နေတာဟာ အီရန်နိုင်ငံက ကုလသမဂ္ဂရဲ့ ပိတ်ပင်တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ၎င်းတို့ကို ငွေကြေးနဲ့ ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးတွေအပါအဝင် ခေတ်မီလက်နက်စနစ်တွေ ထောက်ပံ့နေခြင်းကြောင့်ဖြစ်တယ်လို့ အမေရိကန်သံအမတ် လူက ကောင်စီကို ထုတ်ဖော်ပြောဆိုပါတယ်။

“ပင်လယ်နီမှာ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး အစီအမံတွေမှာ အီရန်က နက်နက်နဲနဲ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ကျွန်တော်တို့လည်း သိထားပါတယ်” လို့ လူက ပြောဆိုသွားခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here