ပြောင်းစျေးကောင်းနေသော်လည်း တောင်သူများ အကျိုးအမြတ်နည်း

0
198

ပြောင်းဆံ စျေးနှုန်းဈေးကောင်းရနေသော်လည်း စိုက်ပျိုးရိတ်သိမ်းစရိတ်မြင့်ခြင်းနှင့် ပြောင်းဆံ အထွက်နှုန်း လျော့ကျခြင်းတို့ကြောင့် တောင်သူများ အကျိုးအမြတ်နည်း​နေကြောင်း ပြောင်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ ပြောင်းစျေးသည် ရန်ကုန်အစာစပ်စက်ရုံအရောက်စျေး တစ်ပိဿာ ၁၁၈၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရှိသော်လည်း ပြောင်းစိုက်ပျိုးရာ ရှမ်းပြည်တောင်/မြောက်ပိုင်းတွင် အစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိ ပြောင်းဆံတစ်ပိဿာ ၉၀၀ ကျပ်၊ ၉၅၀ ကျပ် ဝန်းကျင်သာ ဈေးရရှိနေကြောင်း သိရသည်။

ထို့အပြင် ရှမ်းတောင်မှ ရန်ကုန်သို့ ပြောင်းသယ်ယူပို့ဆောင်ရေးစရိတ်သည် တစ်ပိဿာ အနိမ့်ဆုံး ၁၃၀ ကျပ်မှ  ၂၀၀ ကျော်အထိ နေရာဒေသ အပေါ်လိုက်ကာ စျေးနူန်းမြင့်တက်မှုများလည်း ရှိနေကြောင်း သိရသည်။

ပြောင်းစိုက်တောင်သူများအနေဖြင့် မိုးပြောင်းစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းခနှုန်းထား၊ မြေဩဇာ၊ စိုက်ပျိုးရေးသွင်းအားစု၊ ပြောင်းဆံမျိုးဝယ်ယူရသည့် နှုန်း၊ စက်သုံးဆီ၊ ယာမြေထွန်ယက်ခနှုန်းထား စသည့်အထွထွေကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် မိုးပြောင်း စိုက်ပျိုးမှုကုန်ကျ စရိတ်မြင့်တက်နေခြင်း ဖြစ်သည်။

ပြောင်း တစ်ဧကလျှင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီး ပြောင်းဆံဖြစ်သည်အထိ တစ်ဧကလျှင် အနည်းဆုံး  (၈) သိန်းကျပ်ကုန်ကျပြီး ပြောင်းဆံ အထွက်နှုန်းသည် ပိဿာ ၈၀၀ လောက်သာထွက်ရှိကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။

photo – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here