၂၀၂၂ မှ ၂၀၂၃ နှစ်ကုန်အထိ ATOM က လူမှုအကျိုးပြုလုပ်ငန်းများအတွက် ကျပ် (၂,၂၇၄) သန်း လှူဒါန်းခဲ့

0
108

အက်တမ် (ATOM) မှ ၂၀၂၂ မှ ၂၀၂၃ နှစ်ကုန်အထိ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ကျပ် (၂,၂၇၄) သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့်သက်ဆိုင်သော အက်တမ် (ATOM) ၏လူမှုအကျိုးပြုလုပ်ဆောင်ချက်များမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော လူပေါင်း (၃၄၆,၅၂၀) ၏ဘဝများအပေါ် ကောင်းကျိုးများသက်ရောက်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်တွင် အက်တမ် (ATOM) သည် “မျှဝေခံစား အက်တမ်၏နှလုံးသား” ဆောင်ပုဒ်အောက်၌ အနာဂတ်မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ဆုများနှင့် သင်တန်းများကို ပို့ချပေးသွားမည့် ပံ့ပိုးပျိုးထောင်ခြင်းများ အပါအဝင် လူမှုအကျိုးပြုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုအကျိုးပြုအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ပြီး တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Social Responsibility) များလုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူတစ်ဦးတစ်ယောက်ချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများပေါ်တွင် ကောင်းမွန်သော အကျိုးများဖြစ်ထွန်းစေခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖော်ပြထားသည်။

အက်တမ် (ATOM) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၉) လကြာသက်တမ်းတစ်လျှောက်တွင် လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများ စသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက်များနှင့်အညီ စုစုပေါင်း မြန်မာငွေကျပ် (၂,၂၇၄) သန်းကို ပံ့ပိုးကူညီပေးခဲ့သည်။

ယင်းကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများသည် မြန်မာပြည်သူပြည်သား (၃၄၆,၅၂၀) ဦးရေ၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အသုံးပြုသူ customer များရဲ့ ဘဝအားလုံးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲမှုကောင်းတွေ ယူဆောင်လာနိုင်တယ်လို့ လက်ခံယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်ဆောင်ရွက်မှုတွေဟာဆိုရင် ကုမ္ပဏီယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့ဖို့၊ လိုအပ်ချက်ရှိသူတွေရဲ့ ဘဝများအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲမှုကောင်းတွေ ဆောင်ကျဉ်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် သာတူညီမျှရှိပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂတ်တစ်ခု ဖန်တီးပုံဖော်ပေးနိုင်ဖို့ကိုလည်း ကြိုးစားအားထုတ်သွားမယ်လို့ ကျွန်တော်တို့က ကတိကဝတ်ပြုထားပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က‌ ပြောကြားခဲ့သည်။

ထို့ပြင် ကျောင်းသားကျောင်းသူဦးရေ (၂,၆၀၃) ကျော် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး မိဘမဲ့ကလေးဂေဟာ (၈) ကျောင်း၏ သင်ကြားမှုပတ်ဝန်းကျင်အခြေအနေများကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းစဉ်များအတွက် မြန်မာငွေကျပ် (၈၈၂) သန်းကို အက်တမ် (ATOM) မှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊ အဆိုပါလှူဒါန်းမှုများမှတစ်ဆင့် ဘေးကင်းပြီး အရည်အသွေးပြည့်ဝသော သင်ကြားရေးပတ်ဝန်းကျင်ကောင်းများကို ရရှိစေရန် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်အလားအလာကောင်းများကို အပြည့်အဝ‌ရရှိပိုင်ဆိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အက်တမ် (ATOM) အနေဖြင့် Telemedicine အစပျိုးလုပ်ဆောင်မှုတစ်ရပ်အနေဖြင့် အက်တမ် (ATOM) သည် (၂၄) နာရီ၊ ပိတ်ရက်မရှိ အခမဲ့ တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် မြန်မာငွေကျပ် (၈၆) သန်းကို ရင်းနှီးမြှုပ်နှံခဲ့ပြီး လူဦးရေပေါင်း (၈၆,၆၉၆) ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသောဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် အက်တမ် (ATOM) သည် ကျောင်း (၄) ကျောင်းရှိ ကျောင်းသားကျောင်းသူဦးရေပေါင်း (၆,၉၇၀) အတွက် ၂၁ ရာစုတွင် အရေးပါလှသော ဒစ်ဂျစ်တယ်အသိပညာများ ပေးအပ်နိုင်မည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Lab) ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာငွေကျပ် (၇၂) သန်း မတည်လှူဒါန်းခဲ့ကြောင်း၊လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း အက်တမ် (ATOM) သည် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကို ပုံဖော်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွက် အက်တမ် (ATOM) ၏ လူမှုအကျိုးပြု ဦးစားပေးလုပ်ဆောင်သွားမည့်အချက်များမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာအစီအစဉ်များကို ဦးစားပေးဆောင်ရွက်သွားမည့် ဦးတည်ချက်အသစ်တစ်ရပ်ကို အက်တမ် (ATOM) ၏ လူမှုအကျိုးပြုအစီအစဉ် အစပျိုးလုပ်ဆောင်မှုတစ်ရပ်အနေဖြင့် စတင်တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကာ တစ်ဆက်တည်းမှာပင် “မျှဝေခံစား အက်တမ်၏နှလုံးသား” အမှတ်တံဆိပ်ဆောင်ပုဒ်အောက်၌ အရည်အသွေးပြည့်ဝသော ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန်အတွက် ကုမ္ပဏီအနေဖြင့် အစီအစဉ်များ ရေးဆွဲလျက်ရှိပြီး လိုအပ်ချက်ရှိသော လူမှုအသိုင်းအဝိုင်းများအပေါ် အကျိုးသက်ရောက်မှုကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here