စိုက်ပျိုးစရိတ်ချေးငွေများကို ကြွေးဟောင်းကျေမှ ကြွေးသစ်ပေးမည့်စနစ် ကျင့်သုံးနေ

0
166

ကျေးလက်နေ တောင်သူများသို့ ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေများကို ကြွေးဟောင်းကျေမှ ကြွေးသစ်ပေးသည့်စနစ် ကျင့်သုံးနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် သီရိငါးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံးများသို့ ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေးချေးငွေများကို ထုတ်ချေးမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်ကောက်ခံမည်ဖြစ်ကာ ရေရှည်ဆောင်ရွက်နိုင်စေရန်အတွက် ကြွေးဟောင်းကျေမှသာကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ကြွေးဟောင်းများ ကောက်ခံရရှိရေးအတွက် နယ်မြေဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းစီမံချက်နှစ်ခုဖြစ်သည့် ကြွေးကျန်လျော့နည်း ကျဆင်းရေး စီမံချက်နှင့် အလွဲသုံးစားမှု လျော့နည်းပပျောက်ရေး စီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည်လိုက်နာရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝတိုးမြင့်လာရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here