ငွေကျပ် သန်း ၄၀၀ နီးပါး ကုန်ကျသည့် ပြည်ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ် ဖွင့်လှစ်

0
202

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့တွင် စီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၈ ဒသမ ၃၀၄ သန်း အကုန်အကျခံ တည်ဆောက်ခဲ့သည့် ပြည်သူ့ဆေးရုံကြီး၊ (၅)ထပ်ကုသဆောင်သစ်ကို ဇန်နဝါရီ (၅) ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၅) ထပ် ကုသဆောင်သစ်သည် (၁၂၀ x ၅၆) ပေ ကျယ်ဝန်းကာ ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်၍ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်းများ ပြီးစီးခဲ့ပြီး၊ အရေးပေါ်ဌာန၊ သွားနှင့်ခံတွင်းဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစ ကလေးကုသဌာန၊ ခွဲစိတ်ခန်း နှစ်ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုးများပါဝင်သည်။

ပဲခူးတိုင်းဒေသကြီးတွင် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး (၂)ရုံအပါအဝင် ဆေးရုံပေါင်း (၁၁၂) ရုံ ဖွင့်လှစ်ထားပြီး လူနာခုတင် (၃၆၆၂) ခုတင်အထိ လက်ခံကုသပေးနိုင်ကာ၊ ယခုဖွင့်လှစ်သည့် (၅)ထပ်ကုသဆောင်သစ်အပြင် ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် နတ္တလင်းမြို့တို့၌ ကုသဆောင်သစ်များ ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here