မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်

0
183

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်းပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ်၍ ဓာတ်ခွဲခန်းဆိုင်ရာ ပညာရပ်များလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနရှိ သင်တန်းခန်းမ၌ ကျင်းပရာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၎င်းကတက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar CDC အပါအဝင် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် များစွာကျေးဇူးတင်ရှိကြောင်း၊ Myanmar CDC တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများပါဝင်သည်ဖြစ်ရာ ဓာတ်ခွဲခန်းလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်စေရေး တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲပညာရှင်များအား Jiangsu CDC သို့ စေလွှတ်ပညာသင်ကြားပေးသည့်အတွက် များစွာအကျိုးရှိကြောင်း၊ ယခုစေလွှတ်ထားသော ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း ပြန်လည်ရောက်ရှိပါက Myanmar CDC တွင် လွန်စွာအရေးပါသော အခန်းကဏ္ဍမှပါဝင်ရမည်ဖြစ်ရာ နည်းပညာရပ်ပိုင်းဆိုင်ရာများကို ကြိုးစားလေ့လာကြစေလိုကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် ဇီဝလုံခြုံမှုအဆင့် (၃) (Biosafety Level 3) ရှိ ဓာတ်ခွဲခန်းအပါအဝင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ ဓာတ်ခွဲခန်းများ စနစ်တကျ အပြည့်အဝ လည်ပတ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင် (၃၅) ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Jiangsu CDC သို့ ခြောက်လကြာစေလွှတ်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here