နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီ (၃၉) ပါတီခေါင်းဆောင်များ နေပြည်တော်တွင် ၃နာရီ​ကျော်ကြာတွေ့ဆုံ

0
353

နိုင်ငံရေးပါတီ မှတ်ပုံတင်ကျပြီးသား (၃၉) ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့ဇန်နဝါရီလ (၆) ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် နိုင်ငံပါတီ ခေါင်းဆောင်များနှင့် ဇန်နဝါရီ (၅) ရက်တွင် သီးသန့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့ နံနက်ပိုင်းမှသာ တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပါတီခေါင်းဆောင်များထံမှ သိရသည်။

” ပုံမှန်သဘောပါပဲ ။ သူ့ဘက်ကလည်း ရည်မှန်းထားတာ ကြာပြီထင်ပါတယ်။ မနေ့ကတွေ့ဖို့လုပ်တာ သူ့ဘက်မှာလည်း နိုင်ငံခြား ဧည့်သည်တွေရှိနေတော့ ဒီမနက်မှ တွေ့ဖြစ်တာပေါ့ ” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ယနေ့ တွေ့ဆုံပွဲသို့ ပါတီမှတ်ပုံတင်ကျပြီးသား (၄၅) ပါတီအနက်မှ (၃၉) ပါတီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး (၆) ပါတီမှာ မတက်​ရောက်ဖြစ်ဟုသိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌ အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံကျသည့် မဲစာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေး၊ ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်များ ၊ ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်ချက်ရှိသည့် အခြေအနေများကို နစက ဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

“တည်ငြိမ်အေးချမ်းလုံခြုံတဲ့အခြေအနေရောက်မှ ရွေးကောက်ပွဲ ကျင်းပပေးရမှာပေါ့။ သူ့ဘက်ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်ချက်ရှိနေတဲ့ အနေအထားလေးတွေ ရှိနေတာကို ပြောပါတယ်။ အခုလို ရွေးကောက်ပွဲကျင်းပဖို့ သူ့ဘက်က ကြိုးစား‌လုပ်ဆောင်နေတာလေးတွေ ရှိတဲ့အကြောင်းကိုလည်း ရှင်းပြပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိ အာဏာရယူထားသည့် နစက အစိုးရအနေဖြင့် ရွေးကောက်ပွဲကျင်းပခွင့် မရှိဘဲ ကာလုံသို့ အာဏာပြန်အပ်ပြီးမှသာ ကာလုံမှ ထပ်မံဖွဲ့စည်းပေးသည့် အစိုးရသစ်မှသာ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းများအရ မကြာမီရက်ပိုင်းအတွင်းကျင်းပရန်ရှိနေသည့် ကာလုံအစည်းအဝေး၌ အာဏပြန်အပ်မည့် အနေအထားမျို့မတွေ့ရဘဲ အရေးပေါ်ကာလ သက်တမ်းထပ်တိုးနိုင်ခြေ ရှိနေသေးကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယနေ့တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် ဥပဒေရေးရာဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့လည်း တက်ရောက်ခဲ့ပြီး ပါတီမှတ်ပုံတင် ဥပဒေ ၊နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံ‌ရေးပါတီများမှ ခေါင်းဆောင်များက လက်ရှိနိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများ ရှိခဲ့သလို ပါတီဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

” နိုင်ငံရေး ပါတီတော်တော်များများက ပုဂ္ဂိုလ်တွေကတော့ ပါတီကိစ္စ ၊ နိုင်ငံရေး ကိစ္စတွေကို တော်တော်များများ တင်ပြကြပါတယ် ။ အချိန်အကန့်အသတ်ရယ်လို့တော့ မရှိဘူးပေါ့။ တချို့ကလည်း အရှည်ကြီး ပြောကြတာရှိတာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ယနေ့တွေ့ဆုံပွဲသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ ပထမအကြိမ်တွေ့ဆုံမှုဖြစ်ပြီး နံနက် (၉) နာရီမှ (၁၂) နာရီခွဲ အထိ (၃) နာရီကျော် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here