လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရပါတီအား အာဏာပြန်လွှဲ ပေးနိုင်ရေးသည် နစက အစိုးရ၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
145

နစက အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေး အပ်နိုင်ရေးပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ (၆) ရက် နံနက်ပိုင်းက နေပြည်တော်၌နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက အစိုးရအနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး
ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပါတီ ခေါင်းဆောင်များအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူများဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး ယင်းကဲ့သို့ တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ပါတီ၏ မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ် ဆောင်ရွက်ထားကြရန်၊ ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှုဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ရန် လိုသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင်ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လည်း ၎င်းကတိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် ပါတီတစ်ခုချင်းစီအလိုက်လိုအပ်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်နေမှုများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပါတီများမှ ပါဝင်အားဖြည့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်များအနက် အချို့သော အချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီ စနစ်ထွန်းကား ပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာဖြစ်ပေါ် လာရေးတို့အတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပြု ပေးစေလိုမှုများနှင့် ပတ်သက်၍ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် နစက ဥက္ကဋ္ဌနှင့် မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ (၃၉) ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲကို ဇန်နဝါရီ (၅) ရက်တွင် လုပ်ဆောင်ရန် မူလက စီစဉ်ခဲ့သော်လည်း အခြေအနေအရ ယနေ့ ဇန်နဝါရီ (၆) ရက် နံနက်ပိုင်းမှ တွေ့ဆုံနိုင်ခဲ့ပြီး တွေ့ဆုံပွဲကို နံနက် (၉) နာရီမှ (၁၂) နာရီခွဲ ဝန်းကျင်အထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here