အတိုက်အခံမပါသော ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ဟာစီနာ ထပ်မံအနိုင်ရ 

0
149

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံပါတီက သပိတ်မှောက်ထားတဲ့ ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထပ်မံအနိုင်ရသွားခဲ့တယ်လို့ တာဝန်ရှိသူတွေကထုတ်ပြန်လိုက်ပါတယ်။ 

ဟာစီနာရဲ့ အဝါမီလိဂ်ပါတီဟာ ဆန္ဒမဲတွေ ဆက်လက်ရေတွက်နေဆဲမှာပဲ အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော်ရသွားခဲ့ကာ အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို ပြောဆိုပါတယ်။

မဲရုံတွေက မဲရလဒ်တွေကို မီဒီယာတွေက ကောက်ယူဖော်ပြမှုအရ ဆန္ဒမဲ ၉၀ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးချိန်မှာ လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံကျော်ကို ဟာစီနာက အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အမတ်နေရာ ၃၀၀ အနက် ၂၆၄ နေရာအတွက် ဆန္ဒမဲရလဒ် ထုတ်ပြန်ရာမှာ ဟာစီနာရဲ့ အဝါမီလိဂ်က ၂၀၄ နေရာနဲ့ သူမရဲ့ မဟာမိတ် Jatiya ပါတီက ၉ နေရာ အနိုင်ရခဲ့တယ်လို့ နိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကသတင်းဋ္ဌာန Somoy TV က ဖော်ပြခဲ့ပါတယ်။ 

ဟာစီနာရဲ့ပါတီ အပြတ် အသတ်အနိုင်ရခဲ့ရာမှာ ယင်းပါတီကနေဝင်ပြိုင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်း ကပ္ပတိန် ရှာကစ်ဘ် အယ်ဟာဆန်လည်း အမတ်နေရာအနိုင်ရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 

ယခုရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP) နဲ့ အခြားပါတီတစ်ဒါဇင်ကျော်လောက်က အတုအယောင်ရွေးကောက်ပွဲဆိုကာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံမှာ တိမ်းရှောင်နေထိုင်နေတဲ့ BNP ပါတီခေါင်းဆောင် တာရစ်ရာ့ချ်မန်က ဆန္ဒမဲအတုတွေကြောင့် မဲပေးသူအရေအတွက် တိုးမြင့်လာမှာကို သူ စိုးရိမ်တယ်လို့ AFP ကို ပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာ BNP နဲ့ အခြားပါတီတွေဟာ ဆန္ဒပြပွဲတွေ လချီပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ဟာစီနာ ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆိပ်ကမ်းမြို့ စစ်တကောင်းမှာ တနင်္ဂနွေနေ့က အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ကာ ဖြိုခွဲခဲ့ကြောင်း သိရပါတယ်။ 

ဒါပေမဲ့ နိုင်ငံတစ်ဝန်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၈၀၀၀၀၀ နီးပါး လုံခြုံရေးချထားမှုနဲ့အတူ နေရာအတော်များများမှာ ဆန္ဒမဲပေးမှုတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမြောက်ခဲ့တယ်လို့ ရွေးကောက်ပွဲအရာရှိတွေက ပြောဆိုခဲ့ပါတယ်။ 

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here