တရုတ်နှစ်သစ်ကူးကာလ နီးလာသည့်အတွက် မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာ

0
174

တရုတ်နှစ်သစ်ကူးကာလသည် ယခုနှစ်အတွက် ​ဖေ​ဖော်ဝါရီ ၁၀ရက်​နေ့တွင်ကျ​ရောက်မည်ဖြစ်ပြီး ၁၆ရက်တာပွဲ​တော်ကိုဆင်နွဲကြမှာဖြစ်သည်။ ပွဲ​တော်နီးလာပြီဖြစ်သည့်အတွက် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဖရဲသီးဝယ်လိုအား ကောင်းနေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အသီးအရည်အသွေး ကျဆင်းနေပြီး ဈေးမတည်မှုများရှိနေကြောင်းလည်း ကုန်သည်များက ပြောသည်။

တရုတ်နှစ်သစ်ကူး ပွဲတော်ရက်နီးချိန်တွင် ယခင်ကာလများကဲ့သို့ ဝယ်လို အားကောင်းနေပြီး သစ်သီးအရည်အသွေးကောင်းမွန်ပါက ဈေးကောင်းရနေကြောင်း သိရသည်။

ဝမ်တိန်နယ်စပ်ဂိတ်မှ မြန်မာသစ်သီး၀လံများ တရုတ်နိုင်ငံဘက်သို့ စန်းကျော့လမ်းကြောင်းမှတဆင့် တင်ပို့နေခြင်းဖြစ်ပြီး ဖရဲ၊ သခွား၊ သရက်သီး၊ မင်းဂွတ်သီး စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ပြည်ထောင်စုလမ်းမကြီး အခြေပြု နယ်စပ်ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်လျက်ရှိပြီး မိုင်းလားဘက်မှ တင်ပို့နေရသည်။

လက်ရှိတွင်  ဖရဲသီးတစ်တန်ကို တရုတ်ငွေ ယွမ် ၃၀၀၀ မှ ယွမ် ၃၅၀၀ ကြား စျေးရနေကြောင်းလည်း သစ်သီးကုန်သည်များကဆိုသည်။

ဖရဲ၊ သခွားများကို ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလား၊ လွယ်ဂျယ်ဘက်မှ တင်ပို့နေရသည့်အတွက် လမ်းခရီးကြာချိန် ကြာမြင့်ကာ သစ်သီးတင်ပို့ရာတွင် ကားခအပါအဝင် အခြားကုန်ကျစရိတ်မှာ စုစုပေါင်း ကျပ်သိန်း ၁၂၀ ခန့်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ဖရဲ၊ သခွားများကို နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တို့တွင် အများဆုံး စိုက်ပျိုးကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here