ခွေးသတ်ရုံသယ်လာသည့် ခွေးအကောင်၂၀၀ ကျော်အား အင်ဒိုရဲများ ကယ်တင်နိုင်ခဲ့

0
176

အင်ဒိုနီးရှား၌ ခွေးသားသတ်ရုံသို့ ပို့ဆောင်ရန် ခွေးအကောင်ရေ ၂၀၀ ကျော်အားတင်ဆောင်လာသည့် ထရပ်ကားတစ်စီးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ကြားဖြတ်ဟန့်တားကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ပြီးခဲ့သည့်စနေနေ့ (ဇန်နဝါရီ ၆ ရက်) ညက အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များသည် ဂျာဗားကျွန်းရှိ ဆီမာရန်မြို့၌ ခွေးများသယ်ဆောင်လာသည့် ကုန်တင်ယာဉ်အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားထဲတွင် ခြေထောက်နှင့်ပါးစပ်များကို ချည်နှောင်ခြင်းခံထားရသည့် ခွေး ၂၂၆ ကောင်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်များက ကုန်တင်ယာဉ်ပေါ်ပါသည့်လူငါးဦးကိုဖမ်းဆီးခဲ့သည်ဟုလည်းသိရသည်။

ဖမ်းဆီးခံရသူများသည် တိရစ္ဆာန်စောင့်ရှောက်ရေးစည်းမျဉ်းအရ စွဲချက်တင်ခံရနိုင်ကာ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ဖွယ်ရှိကြောင်းလည်းသိရှိရသည်။

ပမာဏစုံစမ်းစစ်ဆေးမှုအရ အဆိုပါခွေးများကို အနောက်ဂျာဗားသို့ ခွေးသားရောင်းချနိုင်ရန် ဆူရကာတာအနီးနားရှိ မြို့သို့သယ်ဆောင်လာခြင်းဖြစ်ကြောင်းလည်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ခွေးနှင့်ကြောင်အသားများအား ရောင်းချခွင့်ပြုသည့် လက်တစ်ဆုပ်စာနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်းက ဆီမာရန်အပါအဝင် မြို့ကြီးအချို့၌ ခွေးသား ကုန်သွယ်မှုကို တားမြစ်ပိတ်ပင်မှုများချမှတ်ခဲ့ပြီး ယင်းအလေ့အကျင့်ကို ဆန့်ကျင်သည့်လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဆူလာဝေစီကျွန်းရှိ နာမည်ဆိုးနှင့်ကျော်ကြားသော အင်ဒိုနီးရှားတိရစ္ဆာန်ဈေးကွက်တစ်ခုသည် တိရစ္ဆာန်ကုန်သွယ်မှုရပ်တန့်ရန်နှင့် ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းများဖြင့် တိရစ္ဆာန်များအားသတ်ဖြတ်ခြင်းရပ်တန့်ရန် နှစ်ပေါင်းများစွာကြာသည့် တက်ကြွလှုပ်ရှားသူများ၏ဖိအားပေးမှုများကြောင့် ခွေးနှင့်ကြောင်အသားရောင်းချမှုကို ရပ်တန့်ခဲ့ရသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here