မြန်မာ၏တစ်ခုတည်း​သောလန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၊ဝါးအလယ်ကျွန်းသို့ နိုင်ငံခြားခရီးသွားများ ပိုမိုလာ​ရောက်လည်ပတ်လျက်ရှိ

0
205

ကော့သောင်းမြို့နှင့် ရေမိုင် (၆၀) အကွာတွင်ရှိသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဝါးအလယ်ကျွန်း (Wa Ale Resort) သို့ နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ဧရိယာ ၁၀၀.၁၅ ဧကအကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ် တစ်ခုဖြစ်ကြောင်း သိရသည်။

ဥယျာဉ်အတွင်း ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာ သဘာဝကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်တည်ရှိခြင်း၊ အပန်း ဖြေဧရိယာအတွင်း ကယက်လှေဖြင့် သဘာဝအလှကို ကြည့်ရှုလေ့လာနိုင်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။

၎င်းအပြင် လှပသန့်ရှင်းသော ပင်လယ်ပြင်နှင့် သောင်ပြင်အလှတို့ရှိနေခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်း၊ သဘာဝအခြေခံခရီးသွား အရင်း အမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့် နိုင်ငံတကာမှ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိကြော င်း သိရသည်။

“လန်ပိကျွန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်တဲ့အပြင် အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဌာနအနေနဲ့ မီးခိုးမထွက်တဲ့ အစိမ်းရောင် စီးပွားရေးကနေ နိုင်ငံအတွက် ဝင်ငွေရှာဖွေပေးနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။

ဝါးအလယ်ကျွန်း (Wa Ale Resort) ၏ အရှေ့ဘက်မျက်နှာစာနှင့် အနောက်ဘက်မျက်နှာစာမှ ပင်လယ်ပြင်အလှကို အပြည့်အဝ ကြည့်ရှုခံစားနိုင်သည့်အပြင် အရုဏ်ဦးအလှနှင့် ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်သောကြောင့် ခရီးသွားရာသီ ဒီဇင်ဘာလကုန်ပိုင်းတွင် ခရီးသွားများဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

လန်ပိကျွန်း အဏ္ဏဝါအမျိုးသား ဥယျာဉ်သည် အလျား မိုင် ၃၀၊ အနံ ခုနစ်မိုင်ရှိပြီး ကုန်းတွင်းနှင့် အဏ္ဏဝါ၌ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝကာရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက် ၂၈၈ မျိုးရှိ၍ အောက်ချင်းငှက်နှင့် ပုလင်းနှုတ်သီးလင်းပိုင်များလည်း ကျက်စားသည့်အတွက် နိုင်ငံခြားသားခရီးသွားများ လေ့လာစူးစမ်းရာ နေရာတစ်ခုအဖြစ် ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ခရီးသွားရာသီ၌ ပင်လယ်ကမ်းခြေသို့ အပန်းဖြေလည်ပတ်မှုတွင် မြန်မာပြည်တောင်ဘက်စွန်းရှိ လန်ပိကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကျွန်းဘုရင်၊ သမီးလှကျွန်း၊ မင်းသားကျွန်းနှင့် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းတို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေလည်ပတ်ကြလျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ရှားပါးမျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိရာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ Wa Ale Resort သို့ နိုင်ငံတကာမှ ခရီးသွားများ နှစ်စဉ်လာရောက်အ ပန်းဖြေလည်ပတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here