မလေး၌ မြန်မာများအပါအဝင် တရားမဝင်နေထိုင်သူ ၉၅ ဦးဖမ်းဆီးခံရ

0
203

အီပို့၊ဇန်နဝါရီ ၇

မလေးရှားနိုင်ငံ၊ပီရတ်ပြည်နယ်ရှိ အီပို့နှင့်ဂိုးပမ်းမြို့များတွင် မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပီရတ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလ ၇ရက်ကပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများတွင် မြန်မာ၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊လာအို၊ထိုင်း၊ဖိလစ်ပိုင်နှင့် အီဂျစ်နိုင်ငံသားများပါဝင်ပြီး အမျိုးသား ၅၁ ဦး၊အမျိုးသမီး ၄၀ နှင့် ကလေးငယ် လေးဦး ပါဝင်သည်ဟုလည်းသိရသည်။

အီပို့နှင့်ဂိုးပမ်းမြို့များတွင် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိအယောက် ၂၀ ပါဝင်သည့်စစ်ဆင်ရေးများကို ဇန်နဝါရီ ၆ ရက် နံနက် ၁၁ နာရီမှ သန်းခေါင်အချိန်များကြားတွင် လုပ်ဆောင်ခဲ့သည်ဟုသိရပြီး “အထည်ချုပ်ဆိုင် ခုနစ်ဆိုင်၊စားသောက်ဆိုင် ခုနစ်ဆိုင်၊ကားရေဆေးဆိုင်၊ဖျော်ဖြေရေးဆိုင်၊အပန်းဖြေစင်တာနဲ့ စတိုးဆိုင်ရှစ်ဆိုင်တို့ကို ဝင်ရောက်စီးနင်းခဲ့သည်” ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါစီးနင်းမှုမှ လူ ၁၁၉ ဦးကို စစ်ဆေးခဲ့ပြီး ၉၅ ဦးကို ပြစ်မှုအမျိုးမျိုးနှင့်ဖမ်းဆီးခဲ့ကာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တရားရုံး၌ တရားစွဲရန်အပါအဝင် အလုပ်ရှင် (သို့) အခြားအကာအကွယ်ပေးသူများကိုပါ ဌာနအနေဖြင့် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်‌ကြောင်းလည်း ပီရတ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ရှာမန်ရီဇယ်ရတ်စတန်က ပြောကြားခဲ့သည်။

ထိုမျှမက ဇန်နဝါရီလ ၆ ရက်ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ရာဝမ်မြို့ရှိ အထောက်အထားမဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၀၆ ဦးအားဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖမ်းမိသူများသည် မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အင်ဒိုနီးရှား နှင့် ပါကစ္စတန်နိုင်ငံသားများဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

Source : နူးစ်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here