ထိုင်းနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၂၅၀၀ ခန့် တင်ပို့ခဲ့၊တစ်နိုင်ငံတည်းတင်ပို့ရ၍ဈေးကွက်ကျဆင်း

0
141

ထောပတ်သီးရာသီ၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်သီးနှံဖြစ်သော ထောပတ်သီးများကို ထိုင်းနိုင်ငံတစ်ခုတည်းကိုသာ တင်ပို့နေပြီး လက်ရှိအချိန်အထိ တန်ချိန် ၂၅၀၀ ခန့်အထိ တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

“အခုလက်ရှိကတော့ ထိုင်းနိုင်ငံတစ်ခုတည်းကိုပဲ တင်ပို့နေတယ်။ ထောပတ်သီးရာသီအစကနေ လက်ရှိအချိန်ထိ ထောပတ်သီး အမျိုးအစားမျိုးစုံ အကုန်လုံး တန် ၁၀၀၀ ကနေ ၂၅၀၀ လောက် အထိတင်ပို့ဖြစ်ခဲ့တယ်။ ထောပတ်သီးရာသီကတော့ (၈) လပိုင်းကနေစပြီး အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်”ဟု အသင်းတာဝန်ရှိသူက ပြောသည်။

လက်ရှိထိုင်းနိုင်ငံသို့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့နေပြီး ဈေးနှုန်းအနေဖြင့် တစ်ကီလိုကို ငွေကျပ် ၃၀၀၀ မှ ၄၀၀၀ ကြားသာရရှိ၍ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

“ထိုင်းတစ်နိုင်ငံတည်းကို တင်ပို့နေတဲ့အတွက် ဈေးကွက်ကျဆင်းနေတယ်။ မနှစ်က ဒီအချိန်ဆိုရင် တစ်ကီလိုကို ငွေကျပ် ၆၀၀၀ ကနေ ၈၀၀၀ ကြားရရှိနေတာ။ အခု ထောပတ်သီးရာသီက တစ်ကီလိုကို ငွေကျပ် ၃၀၀၀ နဲ့ ၄၀၀၀ ကြားပဲရတ ယ်”ဟု ဆိုသည်။

ပြည်တွင်းဈေးကွက်၌ လက်ကားဈေးနှုန်းအနေဖြင့် ထောပတ်သီးတစ်ကီလိုလျှင် ငွေကျပ် ၄၀၀၀ မှ ၇၀၀၀ ကြားအထိ ရရှိပြီး ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရသည်။

ယခုထောပတ်သီးရာသီတွင် အိန္ဒိယနိုင်ငံမှ တန်ချိန် ၁၀၀၀ ဝယ်ယူရန် ကမ်းလှမ်းထားမှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“အိန္ဒိယကို ဒီရာသီမှာက ပို့လို့မရနိုင်တော့ဘူး။ တင်ပို့ဖို့က နောက်လည်းကျသွားပြီ။ ပြီးတော့ တင်ပို့လို့မရတဲ့ အကြောင်းရင်းတွေက ရာသီဥတုအခြေအနေ၊ ငွေကြေးလဲလှယ်နှုန်းကလည်း မတည်ငြိမ်တော့ တောင်သူတွေကို ဘယ်ဈေးပေးရမလဲဆိုတာ မသိဘူး။ တချို့စည်းမျဉ်းစည်းကမ်းတွေကို မကျော်ဖြတ်နိုင်တာတွေ စတဲ့ အကြောင်းအမျိုးမျိုးပေါ့”ဟု ၎င်းက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here