အီကွေဒေါ ရုပ်သံစတူဒီယိုတစ်ခုကို သေနတ်သမားတွေ ဝင်စီး 

0
89

အီကွေဒေါနိုင်ငံမှာ အင်္ဂါနေ့က တိုက်ရိုက် ထုတ်လွှင့်မှုလုပ်နေတဲ့ အစိုးရရုပ်သံလိုင်းတစ်ခုအတွင်း သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝှေ့ယမ်းကာ မျက်နှာဖုံးစွပ်အမျိုးသားတွေ စီးနင်းဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံဟာ “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” တစ်ခုသို့ ကျရောက်ခဲ့ပြီလို့ သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ပစ္စတိုတွေနဲ့ ဒိုင်းနမိုက်ချောင်းတွေ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်တွေဟာ ဆိပ်ကမ်းမြို့ ဂူယာကွေးလ်ရှိ TC ရုပ်သံကွန်ရက် တိုက်ရိုက် သတင်းတင်ဆက်နေစဉ်အတွင်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး သူတို့မှာ ဗုံးတွေလည်းပါလာခဲ့ကာ သေနတ်ပစ်ဖောက်သံလို အသံတွေလည်း ကြားခဲ့ရပါတယ်။ 

ယင်း တိုက်ခိုက်မှုမှာ သေဆုံးသူတော့ မရှိခဲ့ဘဲ မျက်နှာဖုံးစွပ် ကျူးကျော်ဝင်ရောက်လာသူအားလုံးကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၁၃ ဦးဖြစ်ကြောင်းနဲ့ ၎င်းတို့ကို အကြမ်းဖက်ပြစ်မှုတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ကြောင်း အာဏာပိုင်တွေက နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ 

ရုပ်သံဋ္ဌာန စီးနင်းမှု နောက် ကွယ်ကလူတွေ သို့မဟုတ် မကြာသေးခင်က နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ အခြားတိုက်ခိုက်မှုများစွာရဲ့ နောက်ကွယ်မှာ ဘယ်သူတွေပါဝင်တယ်ဆိုတာကို အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခြင်း မပြုပါဘူး။ သို့ပေမယ့် အီကွေဒေါရဲ့ သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်နှစ်ဦး ထောင်က လွတ်မြောက်လာမှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ 

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦး သီတင်းပတ်ကုန်ပိုင်းက ထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များစွာကို ပြန်ပေးဆွဲခြင်း အပါအဝင် တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်လာပြီး အီကွေဒေါကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

တနင်္လာနေ့မှာ သမ္မတ ဒန်နီရယ် နိုဘိုအာက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

 Ref:ABC NEWS


LEAVE A REPLY

Please enter your comment!
Please enter your name here