ရခိုင်ပြည်နယ်သို့ ပေးပို့သည့် ပြန်လည်ထူထောင်ရေးပစ္စည်း  တန်ချိန် ၂၀၀၀ ကျော် စစ်တွေမြို့သို့ ရောက်ရှိ 

0
158

ရခိုင်ပြည်နယ်သို့ ပို့ဆောင်သည့် ပြန်လည်ထူထောင်ရေးပစ္စည်း တန်ချိန် ၂၀၀၀ ကျော်တင်ဆောင်လာသည့် MV Moon Light သင်္ဘောမှာ ယမန်နေ့ ဇန်နဝါရီ (၉) ရက်က စစ်တွေမြို့ ဖော်တော်ကြီး ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ပြန်လည်ထူထောင်ရေးပစ္စည်း တန်ချိန် ၂၀၇၄.၇၅ တန်တင်ဆောင်ထားသည့် MV Moon Light သင်္ဘောသည်  စစ်တွေမြို့သို့ ဇန်နဝါရီ (၉)ရက်က ရောက်ရှိလာပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စစ်တွေဖောင်တော်ကြီး ဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်လျှက်ရှိသည်။ 

အဆိုပါ MV Moon Light သင်္ဘောတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းတို့မှ ပေးပို့သည့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ 

ပြန်လည်ထူထောင်ရေးပစ္စည်းများတွင် ဆန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီနှင့် စားသောက်ကုန်များ၊ တည်ဆောက်ရေးသုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်း ၂၀၇၄ ဒသမ ၇၅ တန် ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က စစ်ဆေးခဲ့ကြပြီး  ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်းရောင်းချခြင်း မပြုစေရေး၊လိုအပ်မှု မရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယခုရောက်ရှိလာသည့် သင်္ဘောအပြင် ရန်ကုန်မှ သင်္ဘောများ ထပ်မံလာရောက်နိုင်ရေး စီမံထားရှိပြီး ဖြစ်သည့်အတွက် ကုန်ပစ္စည်းများ ပြတ်လပ်မှု မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here