မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့် ၂၀၂၅ ခုနှစ်အထိ အိန္ဒိယအစိုးရ တိုးမြှင့်

0
191

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနက မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

အိန္ဒိယ အစိုးရက မတ်ပဲနှင့် ပဲစင်းငုံတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ သတ်မှတ်ထားရာမှ သက်တမ်း ထပ်တိုးလိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် ဘဏ္ဍာနှစ်ကုန်ခါနီးတိုင်းတွင် ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။

ယခုထုတ်ပြန်ချက်သည် မြန်မာ့ပဲစိုက်တောင်သူများနှင့် ပဲတင်ပို့သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပဲဈေးကွက်ကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၈) ရက်အထိ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် (၅) သိန်းကျော်၊ ပဲစင်းငုံတန်ချိန် (၁) သိန်း အပါအဝင် ပဲမျိုးစုံတန်ချိန် စုစုပေါင်း (၁.၀၈) သန်း တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံရေးထိုးထားသည့် MoU အရ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်း တင်ပို့ရောင်းချလျက်ရှိသည်။

၎င်းအပြင်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း အိန္ဒိယအစိုးရက မြန်မာ့ပဲစဉ်းငုံ တန်ချိန် (၄) သိန်းနှင့် မတ်ပဲတန်ချိန် (၁) သန်း ဝယ်ယူတင်သွင်းရန်ရှိကြောင်းလည်း သိရသည်။

“မတ်ပဲကို ၁ သန်းပို့ဖို့ဆိုရင် တော်တော်လေး ထွက်ဖို့လည်း လိုတယ်။ သူ့အတွက် သယ်ယူပို့ဆောင်ရးအပိုင်းတွေ၊ သင်္ဘောရရှိရေးကိစ္စတွေ အများကြီး လုပ်စရာလိုမှာဖြစ်ပါတယ်။ ပဲစင်းငုံ ၄ သိန်း ပို့ချင်တယ်ဆိုရင် နှစ်ဆပို့ရမယ့် အနေအထားဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ အကြံပေး ဦးစိုးဝင်းမောင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here