ရန်ကုန်အိမ်ခြံမြေ မြေဈေးကွက်တွင် တိုင်းရင်းသားအများစု လာရောက်ရင်းနှီးမြှုပ်နှံဟုဆို

0
208

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုင်းရင်းသားများ အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံမှုရှိနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ယခု နှစ်သစ်ကူးကာလတွင် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အငှားဈေးကွက်ပိုဖြစ်နေကြောင်းလည်း သိရသည်။

“ဒီမှာက တိုင်းရင်းသားတွေ အများစု လာပြီးဝယ်ကြတာများတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလရယ် လမ်းပိုင်းအခက်အခဲတွေကြောင့် သူတို့လည်းမလာနိုင်ဘူး။ ဒါကြောင့်ဈေးကွက်က အရောင်းအဝယ်အေးနေတာ။ ရှမ်းပြည်ဘက်က ပိုများတယ်”ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစု၌ အိမ်ခြံမြေ အရောင်းအဝယ် အေးနေသော်လည်း ဒဂုံမြောက်ပိုင်းနှင့် ဒဂုံအရှေ့ပိုင်း မြို့နယ်တို့၌ အရောင်းအဝယ်ဖြစ်နေပြီး ယင်းမြို့နယ်တို့ရှိ အိမ်ခြံမြေဈေးကွက်သည် ငွေကျပ် သိန်းနှစ်ထောင်ကျော်မှ သိန်းတစ်သောင်းကျော်တန်ဖိုးရှိ အိမ်နှင့်ခြံများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ပြောရရင်အဲဒီဘက်က ဒီနောက်ပိုင်းစည်လာတယ်။ ဝယ်သူတွေကလည်း အဲဒီဘက်ကို ဆင်းကြတာများတယ်။ ဟိုးအရင်တုန်းက ဈေးအဲဒီလောက်မရှိဘူး။ ဒီနောက်ပိုင်းဈေးက ကောင်းလာတာ”ဟု ၎င်းက ဆက်လက်ရှင်းပြထားသည်။

ဝယ်ယူသူအများစုသည် အဓိက အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လွယ်ကူသည့်နေရာများ၌ အများဆုံးဝယ်ယူလေ့ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here