ကုလသမဂ္ဂ အရေးပေါ် တုံ့ပြန်ရေး ဗဟိုရန်ပုံငွေမှဒေါ် လာ ၇ သန်းကို  နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများထံ ထောက်ပံ့ပေး​တော့မည် 

0
149

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများအတွက် ကုလသမဂ္ဂ အရေးပေါ် တုံ့ပြန်ရေး ဗဟိုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမည့် သီတင်းပတ်များအတွင်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း UN OCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်မှစတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကာ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုပါ ထောက်ပံ့မှုမှာ လိုအပ်ချက်များ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်းနှင့် တုံ့ပြန်ကူညီရန်  များစွာကျန်ရှိနေပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မရှိမဖြစ် လိုအပ်သည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်း၏ ၂၉ ရာခိုင် နှုန်းသာ ရန်ပုံငွေရရှိခဲ့သော်လည်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များမှ လူမှုကယ်ဆယ်ရေးအကူအညီများကို လူဦးရေ ၃.၁ သန်းအတွက် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။  

၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့် ခွာနေရသူများ ၎င်းတို့ ရွှေ့ပြောင်းနေထိုင်ရသည့် ရပ်ရွာအသိုင်းအဝိုင်းများကို အရေးပါသည့်  လူမှုကယ်ဆယ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးနိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ် လာ ၉၉၄ သန်း လိုအပ်ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ 

အဆိုပါ ရန်ပုံငွေမှာ ခန့်မှန်းလူဦးရေ ၅ ဒသမ ၃ သန်းအတွက် အသက်ကယ်အကူအညီများနှင့် အရေးပါသည့် အခြေခံဝန်ဆောင်မှုများ ပံ့ပိုးဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here