အာဆီယံ အထူးကိုယ်စားလှယ်နှင့် အပစ်ရပ် လက်နက်ကိုင် (၇) ဖွဲ့ တွေ့ဆုံ

0
171

အာဆီယံဘုံသဘောတူညီချက်(၅) ရပ်နှင့် ပတ်သက်၍အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြု

ဇန်နဝါရီ (၁) ရက်တွင် စတင်တာဝန်ယူခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်သည့် HE . Mr Alounkeo Kittikhoun သည် ယနေ့ ဇန်နဝါရီ (၁၀) ရက်တွင် နေပြည်တော်၌ အပစ်ရပ် လက်နက်ကိုင်အဖွဲ့ (၇) နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွ က်ရမည့် အပိုင်းများနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံဆွေးနွေးကာ အကြံဉာဏ်ရယူခြင်းသဘောမျိုး ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် NCA-S-EAOs အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက ပေါ်ပြူလာနယူးစ်သို့ ရှင်းပြသည်။

ထို့အပြင် ယခုတွေ့ဆုံမှုတွင် လတ်တလော ဖြစ်ပေါ်နေသည့် ပြည်တွင်း ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

” အဓိကကတော့ ဒီကနေ့ ကျွန်မတို့ ဘာပဲပြောပြော Peace process နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးတာ ရှိတယ်။ Peace process နဲ့ ပတ်သက်ပြီးတော့လည်း အာဆီယံရဲ့ အခန်းကဏ္ဍကနေ ဘယ်လိုမျိုး အဖြေရှာမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာ ရှိပါတယ်။ ဒီကနေ့ တွေ့ဆုံမှုက ပထမဆုံးအကြိမ်ဆိုပေမယ့် နောက်နောင်တွေ့ဆုံပြီးတော့မှအပြန်အလှန်ပူးပေါင်း ဆောင်ရွက်ပြီးတော့ အဖြေရှာဖို့ဆိုတာကိုတော့ သူတို့ဘက်က ပြောသွားတာရှိပါတယ်” ဟု နန်းယဉ်ယဉ်စိုးက ပြောသည်။

အပစ်ရပ် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်အား ဆွေးနွေးတင်ပြရာတွင် လာအိုနိုင်ငံအနေဖြင့် တာဝန်ယူရမည့် (၁) နှစ်တာ ကာလအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်သည် ကျယ်ပြန့်သည့်အတွက် လုပ်နိုင်မည့်အချက်ကိုသာ တစိုက်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန် ဆွေးနွေးအကြံပြုခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အာဆီယံအနေဖြင့် ခွဲခြားဆက်ဆံခြင်းမရှိသည့် မူအတိုင်း အခြားသော အတိုက်အခံ လူမှုအသိုက်အဝန်းများနှင့်လည်း တွေ့ဆုံမှုများ လုပ်ဆောင်သွားမည်ဆိုသည့် သတင်းစကား ပါးခဲ့ကြောင်းလည်း သိရသည်။

ယခင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား နိုင်ငံမှ တာဝန်ယူဆောင်ရွက်စဉ်ကတည်းက မြန်မာပြည်တွင်းရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ကိစ္စရပ်များကို NCA-S-EAOs အဖွဲ့များအနေဖြင့် မြေပြင်၌ ပူးပေါ င်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိရာ လက်ရှိ လာအိုနိုင်ငံမှ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင်လည်း ယခင်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း NCA-S-EAOs အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက ပြောသည်။

ယနေ့ ပြုလုပ်သည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် NCA-S-EAOs (၇)ဖွဲ့ တွေ့ဆုံပွဲသို့ PNLO၊ DKBA၊ KNU/KNLA -PC၊ LDU၊ ALP ၊ RCSS နှင့် NMSP အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီ‌ယံအထူးကိုယ်စားလှယ်အနေဖြင့် ဇန်နဝါရီ (၁၂) ရက် ၌ ပါတီမှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီ (၃၉) ပါတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံရန် ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here